ပါပူအာနယူးဂီနီ (Papua New Guinea) နိုင်ငံ၏ တောနက်များအတွင်း စီးဆင်းနေသော မြစ်ရိုးတစ်လျှောက်တွင် နှစ်ပေါင်း ၄၀ ကျော်ကြာ မှတ်တမ်းတင်နိုင်ခြင်း မရှိခဲ့သော ရေမြင်း၏ ဆွေမျိုးနီးစပ်ဖြစ်သည့် spinach pipefish (ဟင်းနုနွယ်ရွက်ပုံစံ ပိုက်လုံးငါး) ကို သုတေသီများက ပြန်လည်တွေ့ရှိခဲ့သည်။ ယင်းငါးမျိုးစိတ်သည် မျိုးသုဉ်းသွားပြီဟု စိုးရိမ်ခဲ့ကြသော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်များက ကာလကြာရှည် ရှာဖွေနေခဲ့သော မျိုးစိတ်ဖြစ်သည်။
လူပျောက်ရှာသည့် ပုံစံမျိုးဖြင့် လုပ်ဆောင်ခဲ့သော ဤစူးစမ်းလေ့လာရေးခရီးစဉ်တွင် သုတေသီများသည် ဆဲပစ်မြစ် (Sepik River) နှင့် ၎င်း၏ မြစ်လက်တက်များကို နှစ်ပတ်ကြာ ဖြတ်သန်းသွားလာခဲ့ပြီး ပျောက်ဆုံးနေသော အဆိုပါငါးနှင့် ပတ်သက်သည့် အထောက်အထားများရရန် ကျေးရွာများနှင့် ဈေးများတွင် လိုက်လံစုံစမ်းခဲ့ကြသည်။ တံငါသည်များ၊ ဈေးသည်များနှင့် ရွာလူကြီးများကို ငါး၏ဓာတ်ပုံပြသကာ မည်သည့်နေရာတွင် တွေ့နိုင်ကြောင်း မေးမြန်းခဲ့ကြသည်။
ဤလုပ်ငန်းစဉ်သည် အလွန်ခက်ခဲလှသည်။ ဆဲပစ်မြစ်သည် ပါပူအာနယူးဂီနီ မြောက်ပိုင်းကမ်းရိုးတန်းတစ်လျှောက် သစ်တောများ၊ ရေလွှမ်းလွင်ပြင်များနှင့် စိမ့်မြေတောများအတွင်း မိုင် ၇၀၀ အထိ ရှည်လျားစွာ စီးဆင်းနေသည်။ New Guinea Binatang သုတေသနဗဟိုဌာနမှ Jerrica Agebigo က “ခရီးသွားလာရာမှာ စက်လှေ ဒါမှမဟုတ် ရိုးရိုးလှေကိုပဲ အဓိက အသုံးပြုရပြီး ရွာတစ်ရွာနဲ့တစ်ရွာကြားကို နာရီပေါင်းများစွာကြာအောင် သွားရပါတယ်” ဟု ပြောသည်။ မြစ်ကြောင်းစနစ် ကြီးမားကျယ်ပြန့်လွန်းသဖြင့် သိပ္ပံပညာရှင်များသည် ဒေသခံများ၏ ဗဟုသုတအပေါ်တွင် များစွာ မှီခိုခဲ့ရသည်။

(ကာလကြာရှည် ပျောက်ဆုံးနေသော spinach pipefish ကို ပြန်လည်ရှာဖွေတွေ့ရှိရာတွင် ကူညီပေးခဲ့သူ အင်ဘန်ဒို (Imbando) ကျေးရွာမှ ပုစွန်ဖမ်းသူ Helen Asu။)
တွေ့ဆုံမေးမြန်းမှုများအရ ရွာသားများက ဆဲပစ်မြစ်၏ ရေတိမ်ပိုင်းများတွင် ရှည်လျားသွယ်လျသော ငါးတစ်မျိုးကို တွေ့ရလေ့ရှိကြောင်း တသမတ်တည်း ပြောဆိုခဲ့ကြသည်။ ထိုငါးကို Karuweng, Inap, Karuwena, Sako စသဖြင့် အမည်အမျိုးမျိုး ခေါ်ကြသော်လည်း ၎င်းတို့၏ ဖော်ပြချက်များသည် ပျောက်ဆုံးနေသော မျိုးစိတ်၏ ပုံပန်းသဏ္ဍာန်နှင့် ကိုက်ညီနေသည်။
ခရီးစဉ်၏ နောက်ဆုံးရက်များတွင် Helen Asu အမည်ရှိ တံငါသည်အမျိုးသမီးသည် ပုစွန်ဖမ်းရာတွင် သုံးလေ့ရှိသည့် လက်ကိုင်ပိုက်ကွန်ဖြင့် အဆိုပါငါးနှစ်ကောင်ကို ဖမ်းဆီးရမိခဲ့သည်။ သုတေသီများသည် ဖမ်းမိသောငါး၏ ဓာတ်ပုံများကို ၁၉၈၀ ပြည့်လွန်နှစ်များက အဆိုပါငါးကို နောက်ဆုံးမှတ်တမ်းတင်ခဲ့သည့် သုတေသီတစ်ဦးဖြစ်သူ ဩစတြေးလျ ငါးသုတေသနပညာရှင် Gerald Allen ထံသို့ ပေးပို့ခဲ့ရာ ၎င်းက ပြန်လည်ရှာဖွေတွေ့ရှိမှုကို အတည်ပြုပေးခဲ့သည်။
သဘာဝထိန်းသိမ်းရေးဆိုင်ရာ နိုင်ငံတကာသမဂ္ဂ (IUCN) ၏ ရေမြင်းနှင့် ပိုက်လုံးငါးများဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့ ဥက္ကဋ္ဌ၊ အဏ္ဏဝါဇီဝဗေဒပညာရှင် Amanda Vincent က “spinach pipefish ကို အသစ်တစ်ဖန် ပြန်လည်မှတ်တမ်းတင်နိုင်ခဲ့တယ်ဆိုတာ ကြားရတဲ့အတွက် အလွန်ပဲ ဝမ်းသာပီတိဖြစ်ရပါတယ်။ ဒီငါးမျိုးစိတ် ရှင်သန်နေဆဲဆိုတာကို သိရတဲ့အတွက် တခြား ‘ပျောက်ဆုံးနေတဲ့’ မျိုးစိတ်တွေလည်း ရှိနေနိုင်သေးတယ်ဆိုတဲ့ မျှော်လင့်ချက်ကို ရရှိစေပါတယ်” ဟု ပြောကြားခဲ့သည်။
ယူကေအခြေစိုက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တစ်ခုဖြစ်သော SHOAL က ဤငါးကို အလိုချင်ဆုံးသော ပျောက်ဆုံး ရေချိုငါးမျိုးစိတ် (၁၀) မျိုးစာရင်းတွင် ထည့်သွင်းထားခဲ့သည်။ ယခုကဲ့သို့ ပြန်လည်တွေ့ရှိမှုက ရေချိုငါးများကို အရေးတကြီး ကာကွယ်စောင့်ရှောက်ရန် လိုအပ်နေကြောင်း မီးမောင်းထိုးပြနေသည်ဟု အဆိုပါအဖွဲ့က ဆိုသည်။
လေ့လာရေးခရီးစဉ်တစ်လျှောက် တွေ့ဆုံမေးမြန်းမှုများအရ သတ္တုတူးဖော်ခြင်း၊ သစ်ခုတ်ခြင်းနှင့် အခြားသော ခြိမ်းခြောက်မှုများကြောင့် ဒေသခံငါးမျိုးစိတ်များ လျော့ကျလာနေကြောင်း ရွာသားများက ပြောကြားခဲ့ကြသည်။ ကမ္ဘာတစ်ဝန်းရှိ ရေချိုငါးများသည် ခြိမ်းခြောက်မှုများကို ပိုမိုရင်ဆိုင်လာနေရသည်။ ပြီးခဲ့သည့် ရာစုနှစ်ဝက်အတွင်း ရွှေ့ပြောင်းသွားလာတတ်သော ရေချိုငါးကောင်ရေ ၈၁ ရာခိုင်နှုန်းခန့် ကျဆင်းသွားကြောင်း မကြာသေးမီက ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂ အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားသည်။



























