မနက်ပိုင်း သံပရာရည်သောက်ခြင်းက ခန္ဓာကိုယ်ကို ရေဓာတ်ပြန်လည်ဖြည့်တင်းပေးခြင်း၊ ဗီတာမင်စီ ရရှိစေခြင်းနဲ့ အူလမ်းကြောင်းလှုပ်ရှားမှု (ဝမ်းသွားခြင်း) ကို အထောက်အကူပြုနိုင်ပါတယ်။ ဒါပေမယ့် မကြာခဏသောက်သုံးခြင်း (သို့မဟုတ်) ပုံစံမမှန်ဘဲသောက်သုံးခြင်းက သွားကြွေလွှာကို ပျက်စီးစေနိုင်ပြီး အစာအိမ်အချဉ်ပေါက်ခြင်း (acid reflux) ကို ပိုဆိုးစေနိုင်ပါတယ်။
အိပ်ရာထပြီးနောက် ရေဓာတ်ပြန်လည်ဖြည့်တင်းပေးခြင်း နာရီပေါင်းများစွာ အိပ်စက်ပြီးနောက် အသက်ရှူခြင်းနဲ့ ချွေးထွက်ခြင်းတို့ကြောင့် ခန္ဓာကိုယ်မှာ ရေဓာတ်အနည်းငယ် ခမ်းခြောက်သွားတတ်ပါတယ်။ မနက်ပိုင်းမှာ သံပရာရည်တစ်ခွက် သောက်ပေးခြင်းက ရေဓာတ်ကို ပြန်လည်ပြည့်ဝစေပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ ကိုယ်အပူချိန်ကို ထိန်းညှိပေးခြင်း၊ အာဟာရဓာတ်များ သယ်ယူပို့ဆောင်ပေးခြင်းနဲ့ ကိုယ်တွင်းအင်္ဂါများရဲ့ လုပ်ဆောင်ချက်များကိုလည်း ထိန်းသိမ်းပေးပါတယ်။
သံပရာရည်ရဲ့ အကြီးမားဆုံး အကျိုးကျေးဇူးကတော့ ခန္ဓာကိုယ်ကို ရေဓာတ်အပြည့်အဝ ရရှိစေခြင်းပဲဖြစ်ပါတယ်။ သံပရာသီး အနည်းငယ်လှီးထည့်လိုက်ခြင်းက သောက်ရပိုလွယ်ကူသွားစေပြီး အိပ်ရာထထချင်း သံပရာရည်သောက်တဲ့ အကျင့်ကို တဖြည်းဖြည်း ရလာစေမယ်ဆိုရင် ဒါဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အလေ့အကျင့်တစ်ခု ဖြစ်လာနိုင်တယ်လို့ Health မဂ္ဂဇင်းအရ သိရပါတယ်။ (မနက်ခင်း သံပရာရည်တစ်ခွက်က အိပ်စက်နေစဉ်အတွင်း ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်လည်ရရှိစေပါတယ်။ ဓာတ်ပုံ – Bao Bao)
ဗီတာမင်စီနဲ့ အင်တီအောက်ဆီးဒင့်များ ပေးစွမ်းခြင်း သံပရာသီးဟာ ဗီတာမင်စီ သဘာဝအတိုင်း ပါဝင်တဲ့ အရင်းအမြစ်တစ်ခုဖြစ်ပါတယ်။ ဗီတာမင်စီဟာ ဆဲလ်တွေကို free radicals တွေရဲ့ အန္တရာယ်မှ ကာကွယ်ပေးတဲ့ အင်တီအောက်ဆီးဒင့် (antioxidant) တစ်မျိုးဖြစ်ပြီး ကိုယ်ခံစွမ်းအားစနစ်၊ အနာကျက်စေတဲ့ ဖြစ်စဉ်နဲ့ ကော်လာဂျင် ထုတ်လုပ်မှုတို့အတွက် များစွာအထောက်အကူပြုပါတယ်။
Verywell Health ရဲ့ အဆိုအရ အလယ်အလတ်အရွယ်အစားရှိတဲ့ သံပရာသီးတစ်လုံးမှာ ဗီတာမင်စီ ၃၀-၄၀ မီလီဂရမ် ပါဝင်ပြီး ဒါဟာ လူကြီးတစ်ယောက် တစ်နေ့တာ လိုအပ်တဲ့ ပမာဏရဲ့ ထက်ဝက်ခန့်နဲ့ ညီမျှပါတယ်။ ဒါပေမယ့် သံပရာရည်တစ်ခွက်မှာပါတဲ့ ဗီတာမင်စီ ပမာဏဟာ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေ အများကြီးစားသုံးခြင်းကို အစားထိုးနိုင်လောက်တဲ့အထိတော့ မလုံလောက်ပါဘူး။
အစာခြေစနစ်ကို အထောက်အကူပြုခြင်း မနက်အိပ်ရာထထချင်း ရေရှေးဦးစွာ သောက်သုံးခြင်းက အူလမ်းကြောင်း လှုပ်ရှားမှုကို လှုံ့ဆော်ပေးနိုင်တာကြောင့် ဝမ်းသွားရ ပိုလွယ်ကူစေပါတယ်။ သံပရာသီးမှာပါတဲ့ citric acid က အစာခြေရည်ထွက်ရှိမှုကို လှုံ့ဆော်ပေးနိုင်ပေမယ့် ရိုးရိုးရေသောက်ခြင်းထက် သံပရာရည်က အစာခြေစနစ်ကို ပိုကောင်းစေတယ်ဆိုတဲ့ သိပ္ပံနည်းကျ အထောက်အထားတော့ မရှိသေးပါဘူး။
ကျောက်ကပ်ကျောက်တည်နိုင်ခြေကို လျှော့ချပေးခြင်း သံပရာသီးမှာ ဆီးထဲက ကယ်လ်စီယမ်နဲ့ ပေါင်းစပ်နိုင်တဲ့ citrate ဒြပ်ပေါင်း ပါဝင်တာကြောင့် ကယ်လ်စီယမ် ကျောက်တည်ခြင်းကို ဟန့်တားပေးပါတယ်။ သံပရာသီးကနေတစ်ဆင့် citrate မှီဝဲမှုကို တိုးမြှင့်ပေးခြင်းက ကျောက်ကပ်ကျောက်တည်နိုင်ခြေရှိသူတွေအတွက် အကျိုးကျေးဇူးအချို့ ရရှိစေနိုင်ပါတယ်။ သို့သော်လည်း သံပရာရည်တစ်ခွက်မှာ ပါဝင်တဲ့ citrate ပမာဏဟာ အနည်းငယ်သာဖြစ်တာကြောင့် ကျန်းမာရေးစောင့်ရှောက်သူတွေ ညွှန်ကြားထားတဲ့ ဆေးဝါးများ (သို့မဟုတ်) ဆေးဘက်ဆိုင်ရာ ကုသမှုနေရာမှာ အစားမထိုးသင့်ပါဘူး။
သွားကြွေလွှာကို ပျက်စီးစေခြင်း သံပရာသီးမှာ အာဟာရဓာတ်တွေ ကြွယ်ဝပေမယ့် အက်စစ်ဓာတ်လည်း အလွန်များပါတယ်။ Citric acid နဲ့ မကြာခဏ ထိတွေ့တဲ့အခါ အချိန်ကြာလာတာနဲ့အမျှ သွားကြွေလွှာကို ပျက်စီးစေနိုင်ပြီး သွားကျဉ်ခြင်းနဲ့ သွားပိုးစားနိုင်ခြေကို မြင့်တက်စေပါတယ်။ ဒီဆိုးကျိုးကို လျှော့ချဖို့အတွက် သံပရာရည်ကို ပိုက်နဲ့သောက်သင့်ပါတယ်။ ပါးစပ်ထဲမှာ ငုံထားခြင်းကို ရှောင်ကြဉ်ပြီး သောက်ပြီးပါက ရေနဲ့ ပလုတ်ကျင်းပေးပါ။ သွားတိုက်မယ်ဆိုရင်လည်း မိနစ် ၃၀-၆၀ ခန့် စောင့်ပြီးမှ တိုက်သင့်ပါတယ်။
အစာအိမ်အချဉ်ပေါက်ခြင်းကို ပိုဆိုးစေခြင်း အစာအိမ်နဲ့ အစာရေမျိုပြွန် အချဉ်ပေါက်တတ်သူတွေ (သို့မဟုတ်) ရင်ပူတတ်သူတွေအတွက် သံပရာရည်က ရောဂါလက္ခဏာတွေကို ပိုဆိုးစေနိုင်ပါတယ်။ သံပရာရည်သောက်ပြီးနောက် ရင်ပူတာ၊ ဝမ်းဗိုက်အထက်ပိုင်း နာကျင်တာ (သို့) အချဉ်ပေါက်တာတွေ ပိုဖြစ်လာရင် သံပရာရည်ပမာဏကို လျှော့သောက်ဖို့ (သို့မဟုတ်) ရိုးရိုးရေပဲ သောက်ဖို့ စဉ်းစားသင့်ပါတယ်။
ကျန်းမာရေးကောင်းမွန်သူ အများစုအတွက် မနက်ပိုင်း သံပရာရည်တစ်ခွက် သောက်ခြင်းဟာ ဘေးကင်းတဲ့ ရွေးချယ်မှုတစ်ခုဖြစ်ပြီး သကြား (သို့) ပျားရည် အများကြီး မထည့်ဘဲ သောက်သင့်ပါတယ်။ အစာအိမ်အချဉ်ပေါက်သူများ၊ အစာအိမ်အနာရှိသူများ (သို့) သွားကြွေလွှာ အလွယ်တကူ ကျဉ်တတ်သူများအနေနဲ့ သင့်တင့်တဲ့ပမာဏကိုသာ သောက်သုံးသင့်ပြီး ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုကို သတိထား စောင့်ကြည့်သင့်ပါတယ်။


























