၉/၁၁ အရေးအခင်းအပြီး အယ်လ်ကိုင်ဒါ (al Qaeda) အဖွဲ့အတွင်းသို့ ထိုးဖောက်ဝင်ရောက်ကာ အကြမ်းဖက်သမားများကို ဖမ်းဆီးအပြစ်ပေးနိုင်ရန် ကူညီပေးခဲ့မှုဖြင့် အမေရိကန်တွင် နေထိုင်ခွင့်ရရှိခဲ့သော မိမိကိုယ်ကိုယ် CIA သူလျှိုဟု ဆိုသူတစ်ဦးကို ပြည်နှင်ဒဏ်ပေးရန် ထရမ့်အစိုးရက ကြိုးပမ်းလျက်ရှိသည်။
Blerim Skoro (အသက် ၅၅ နှစ်) သည် ကိုဆိုဗို (Kosovo) နွယ်ဖွားဖြစ်ပြီး ကလေးသုံးဦး၏ ဖခင်ဖြစ်သည်။ ၎င်းအား ယခုလဆန်းပိုင်းက နယူးဂျာစီပြည်နယ်ရှိ လူဝင်မှုကြီးကြပ်ရေးရုံးရှေ့တွင် စာရွက်စာတမ်း သက်တမ်းတိုးရန် ရောက်ရှိနေစဉ် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်စောင့်ကြပ်ရေးအဖွဲ့ (ICE) မှ အေးဂျင့်များက ဖမ်းဆီးခဲ့သည်။
၎င်း၏ရှေ့နေများက ပြည်နှင်ဒဏ်ပေးမှုကို ရပ်ဆိုင်းရန် ဖက်ဒရယ်တရားရုံးသို့ လျှောက်ထားခဲ့ပြီး “CIA အေးဂျင့်” အဖြစ် နှစ်ပေါင်းများစွာ အရေးပါသော အလုပ်များလုပ်ကိုင်ခဲ့ပြီးနောက် Skoro အား အမေရိကန်တွင် အမြဲတမ်းနေထိုင်ခွင့်ပေးမည်ဟု ကတိပြုထားကြောင်း ပြောကြားခဲ့သည်။
နယူးယောက်မြို့၊ စတေတန်အိုင်းလန်း (Staten Island) မှ တက္ကစီယာဉ်မောင်းဖြစ်သူ Skoro တွင် အမေရိကန်နိုင်ငံသား ဇနီးနှင့် ကလေးများရှိသည်။ ၎င်းအား ပြည်နှင်ဒဏ်ပေးပါက အကြမ်းဖက်သမားများ၏ ဖမ်းဆီးညှဉ်းပန်းနှိပ်စက်မှုကို ခံရနိုင်ခြေရှိသဖြင့် ၂၀၂၂ ခုနှစ်တွင် ပြည်နှင်ဒဏ်ပေးမှုကို ဆိုင်းငံ့ခွင့် ရရှိခဲ့သည်။ ယင်းသို့ ဆုံးဖြတ်ရခြင်းမှာ အယ်လ်ကိုင်ဒါ၊ အယ်လ်ရှာဘတ် (al Shabaab) နှင့် ဟစ်ဇ်ဘိုလာ (Hezbollah) အဖွဲ့ဝင်များကို ဖမ်းဆီးရာတွင် Skoro ၏ ကူညီမှုကြောင့်ဖြစ်သည်ဟု ရှေ့နေများက ဆိုသည်။
အသက်အန္တရာယ် စိုးရိမ်ရမှု
ယခုအခါ မိမိအသက်ကို ပဓာနမထားဘဲ အလုပ်လုပ်ပေးခဲ့သော အစိုးရက ၎င်းအား သတ်ဖြတ်လိုသူများရှိရာ ကိုဆိုဗိုသို့ ပြန်ပို့မည်ကို Skoro က စိုးရိမ်နေသည်။ “သူတို့ ကျွန်တော့်ကို ဒီလိုသစ္စာဖောက်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး” ဟု နယူးဂျာစီရှိ အဲလိဇဘက် ထိန်းသိမ်းရေးစင်တာမှနေ၍ CBS News သို့ ဖုန်းဖြင့် ဖြေကြားခဲ့သည်။ “ကျေးဇူးပြုပြီး ကျွန်တော်သေရမယ်ဆိုရင်တောင် ကလေးတွေ သင်္ဂြိုဟ်ပေးနိုင်အောင် ဒီနိုင်ငံမှာပဲ သေပါရစေ။”
နောက်ခံရာဇဝင်နှင့် သူလျှိုလုပ်ငန်းများ
-
၂၀၀၀ ပြည့်နှစ်တွင် မူးယစ်ဆေးဝါးမှောင်ခိုမှုဖြင့် ထောင်ကျစဉ် အမေရိကန်ထောက်လှမ်းရေးများနှင့် စတင်ပတ်သက်ခဲ့သည်။
-
၉/၁၁ အရေးအခင်းအပြီး CIA မှ ချဉ်းကပ်ခဲ့ပြီး ၂၀၀၂ မှ ၂၀၀၆ ခုနှစ်အတွင်း ထောင်တွင်း၌ FBI အတွက် အကြမ်းဖက်သမားများ၏ သတင်းများ စုဆောင်းပေးခဲ့သည်။
-
၂၀၀၇ ခုနှစ်တွင် ကိုဆိုဗိုသို့ ပြည်နှင်ဒဏ်ပေးခံရသော်လည်း ဘော်လ်ကန်ဒေသမှတစ်ဆင့် အယ်လ်ကိုင်ဒါအဖွဲ့အတွင်း ထိုးဖောက်ဝင်ရောက်ရန် CIA က စေခိုင်းခဲ့သည်ဟု ၎င်းက ဆိုသည်။
-
၂၀၀၇ မှ ၂၀၀၉ ခုနှစ်အထိ ဆီးရီးယားရှိ ISIS စခန်းသို့ သွားရောက်ခဲ့သလို၊ လက်ဘနွန်၊ ဂျော်ဒန်၊ ပါကစ္စတန်၊ အီဂျစ်နှင့် မိခင်နိုင်ငံတို့တွင် အကြမ်းဖက်အဖွဲ့များအတွင်း လျှို့ဝှက်လှုပ်ရှားခဲ့သည်။
-
အယ်လ်ရှာဘတ်အဖွဲ့အတွက် လက်နက်ဝယ်ယူရန် ကြိုးပမ်းသူ ဘရွတ်ကလင်း အကြမ်းဖက်သမား Betim Kaziu အား ဖမ်းဆီးနိုင်ရေးအတွက် တိုက်ရိုက်ကူညီပေးခဲ့သည်။
-
ကိုဆိုဗိုသို့ ယူရေနီယမ် မှောင်ခိုကူးမှုကို တားဆီးပေးခဲ့ပြီး ညစ်ညမ်းဗုံး (dirty bomb) အန္တရာယ်ကို ကာကွယ်နိုင်ခဲ့သည်ဟု ဆိုသည်။
ဖမ်းဆီးခံရမှုနှင့် တရားရေးအခြေအနေ
ယခုလ ဩဂုတ် ၃ ရက်နေ့က ဇနီးဖြစ်သူ Susan Skoro နှင့်အတူ နယူးဂျာစီ လူဝင်မှုကြီးကြပ်ရေးရုံးသို့ သွားရောက်စဉ် ICE က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ “သူတို့ သူ့ကို သစ္စာဖောက်ခဲ့တယ်။ သူအလုပ်တွေ လုပ်ပေးခဲ့ပြီးပြီ။ အသက်တောင် ဆုံးရှုံးရမလို ဖြစ်ခဲ့ပေမဲ့ ဘယ်သူမှ ဂရုမစိုက်ဘူး” ဟု ဇနီးဖြစ်သူက ပြောသည်။
Skoro သည် ယခင်က သူလျှိုလုပ်နေစဉ် အဖော်ချွတ်ခံရသဖြင့် ကိုဆိုဗိုတွင် လုပ်ကြံခံရစဉ် ခြေထောက်၌ သေနတ်ပစ်ခံရကာ ၂၀၁၄ ခုနှစ်တွင် ကနေဒါမှတစ်ဆင့် အမေရိကန်သို့ တရားမဝင် ပြန်လည်ဝင်ရောက်လာခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် သမီးဖြစ်သူ၏ ကျောင်းသားလျှော့ဈေးရထားကတ်ကို အသုံးပြုမိရာမှ နယူးယောက်ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံရပြီးနောက် လူဝင်မှုကြီးကြပ်ရေး ပြဿနာများ စတင်ခဲ့သည်။
၂၀၂၂ ခုနှစ်တွင် ဖက်ဒရယ်တရားသူကြီးက ညှဉ်းပန်းနှိပ်စက်မှု ဆန့်ကျင်ရေး သဘောတူစာချုပ် (Convention Against Torture) အရ ကိုဆိုဗိုသို့ ပြန်မပို့ရန် တားမြစ်ထားသော်လည်း တရားဝင်နေထိုင်ခွင့်မူ မပေးခဲ့ပေ။
၎င်း၏ရှေ့နေများက ယခုဖမ်းဆီးမှုနှင့် ပတ်သက်၍ ဩဂုတ်လ ၄ ရက်နေ့တွင် တရားရုံးသို့ လျှောက်ထားခဲ့ပြီး၊ ၂၀၂၂ ခုနှစ် တရားရုံးအမိန့်အရ ICE အနေဖြင့် ၎င်းအား ပြည်နှင်ဒဏ်မပေးမီ တရားသူကြီး၏ ခွင့်ပြုချက်ရယူရန် လိုအပ်ကြောင်း ထောက်ပြထားသည်။ ခရိုင်တရားသူကြီး Robert Kirsch က ယင်းကိစ္စနှင့် ပတ်သက်၍ ကြာသပတေးနေ့ နောက်ဆုံးထား တုံ့ပြန်ရန် အစိုးရကို အမိန့်ပေးထားသည်။ ICE ဘက်မှ CBS News ၏ မေးမြန်းမှုကို သိရှိကြောင်း အတည်ပြုသော်လည်း တုံ့ပြန်ဖြေကြားခြင်း မရှိသေးသလို၊ CIA နှင့် FBI တို့ကလည်း မှတ်ချက်ပေးခြင်း မရှိသေးပေ။


























