အီရန်ကို ကူညီမည့် (သို့မဟုတ်) အီရန်နှင့် စီးပွားရေးလုပ်မည့် မည်သည့်နိုင်ငံကိုမဆို အမေရိကန် အနေဖြင့် “ကြီးမားသော စီးပွားရေးအရ အကျိုးဆက်များ” သက်ရောက်စေမည်ဟု သမ္မတ ဒေါ်နယ်ထရမ့် က ပြောကြားလိုက်သည်။
၎င်းက “မည်သည့်နိုင်ငံကိုမဆို လုပ်ဆောင်ဖူးသမျှထဲတွင် အပြင်းထန်ဆုံးသော စီးပွားရေးစစ်ဆင်ရေး” ကို စတင်တော့မည်ဖြစ်ကြောင်း Truth Social တွင် အင်္ဂလိပ်အက္ခရာ အကြီးများဖြင့် ရေးသားခဲ့သည်။ အသေးစိတ်ကို ထပ်မံပြောကြားခဲ့ခြင်း မရှိသလို အခြားမည်သည့်နိုင်ငံကိုမျှလည်း အမည်တပ် ပြောဆိုခဲ့ခြင်း မရှိပေ။
ဖေဖော်ဝါရီလကုန်တွင် အမေရိကန်နှင့် အစ္စရေးတို့ စတင်ခဲ့သော ပဋိပက္ခအတွက် သံတမန်ရေးအရ (သို့) စစ်ရေးအရ ဖြေရှင်းနိုင်မည့် အရိပ်အယောင်မရှိဘဲ၊ တနင်္လာနေ့တွင် အီရန် နှင့် ရက်ပေါင်း ၆၀ ကြာ အပစ်အခတ်ရပ်စဲရေး သက်တမ်းကုန်ဆုံးသွားပြီးနောက် ယခုကဲ့သို့ ထွက်ပေါ်လာခြင်းဖြစ်သည်။
ထရမ့်၏ နောက်ဆုံးလုပ်ရပ်သည် တီဟီရန်နှင့် စီးပွားရေးလုပ်သော နိုင်ငံခြားဘဏ်များ (သို့) ကုမ္ပဏီများကို ဒဏ်ခတ်ပိတ်ဆို့ရန် ဧပြီလတွင် စတင်ခဲ့သည့် Operation Economic Fury (စီးပွားရေးအရ အပြင်းအထန် တိုက်ခိုက်မှု စစ်ဆင်ရေး) ၏ ဖိအားပေးလှုပ်ရှားမှုကို တိုးချဲ့လိုက်ခြင်းဖြစ်ပုံရသည်။
ဗုဒ္ဓဟူးနေ့ညနေပိုင်း လူမှုကွန်ရက်ပို့စ်တွင် အစ္စလာမ္မစ်သမ္မတနိုင်ငံသည် အမေရိကန်နှင့် သဘောတူညီချက်ရယူရန် ပျက်ကွက်ခဲ့သောကြောင့် အီရန်အပေါ် “Economic D-Day (စီးပွားရေးဆိုင်ရာ အဆုံးအဖြတ်နေ့)” ကို စတင်လိုက်ပြီဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့သည်။
“မိမိတို့၏ ဘဏ္ဍာရေးအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းများ၊ လေဆိပ်များ (သို့) အစိုးရအဖွဲ့အစည်းများကို အီရန်အား မည်သည့်အသက်ရှူပေါက်မျိုးမဆို ပေးစွမ်းခွင့်ပြုသည့် မည်သည့်နိုင်ငံမဆို ကြီးမားသော စီးပွားရေးအရ အကျိုးဆက်များကို ရင်ဆိုင်ရမည်” ဟု ထရမ့်က ဆိုသည်။ သို့သော် နိုင်ငံများအနေဖြင့် မည်သို့သော ပြစ်ဒဏ်မျိုး ရင်ဆိုင်ရနိုင်သည်ကိုမူ ၎င်းက တိတိကျကျ မပြောခဲ့ပေ။
ထရမ့်က ဆက်လက်၍ “ရေနံမှောင်ခိုကူးခြင်း၊ အပြန်အလှန် ငွေပေးချေမှုစနစ်များ (swap lines)၊ ငွေသားလွှဲပြောင်းမှုများ၊ ငွေလဲကောင်တာများ၊ သင်္ဘောမှတ်ပုံတင်ခြင်းများနှင့် အမည်ခံကုမ္ပဏီများ – အားလုံး ယခုချက်ချင်း ရပ်တန့်ရမည်။ သင်တို့ဘယ်သူတွေလဲဆိုတာ သင်တို့ကိုယ်တိုင် သိပါတယ်” ဟု ရေးသားခဲ့သည်။
အီရန်ထံမှ ဒုံးကျည်ခြိမ်းခြောက်မှုအသစ် ထွက်ပေါ်လာပြီးနောက် အမေရိကန်၏ မဟာမိတ်ဖြစ်သော အာရပ်စော်ဘွားများပြည်ထောင်စု (UAE) က အီရန်နှင့် ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာ ဆက်ဆံမှုအားလုံးကို ဖြတ်တောက်မည်ဟု ကြေညာပြီး တစ်ရက်အကြာတွင် ယခုကဲ့သို့ ထွက်ပေါ်လာခြင်းဖြစ်သည်။ ပင်လယ်ပြင်ရေကြောင်းသွားလာမှုကို ပစ်မှတ်ထား၍ အီရန်မှ ပစ်လွှတ်လိုက်သော ပဲ့ထိန်းဒုံးကျည်နှစ်စင်းကို ထောက်လှမ်းတွေ့ရှိခဲ့ပြီး ယင်းနှစ်စင်းစလုံး ပင်လယ်ထဲသို့ ကျရောက်ခဲ့ကြောင်း UAE ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အီရန်အဖွဲ့အစည်းများသည် ဒူဘိုင်း၏ ဘဏ္ဍာရေးစနစ်ကို အသုံးပြု၍ ငွေလဲကောင်တာများနှင့် အမည်ခံကုမ္ပဏီများမှတစ်ဆင့် ငွေလွှဲပြောင်းမှုများကို အချိန်ကြာမြင့်စွာ လုပ်ဆောင်ခဲ့ကြသည်။ UAE ၏ ဆုံးဖြတ်ချက်ထွက်ပေါ်လာပြီးနောက်၊ အမေရိကန်စစ်တပ်ကို အကူအညီပေးပါက ပူးပေါင်းကြံစည်မှုအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း အီရန်လက်နက်ကိုင်တပ်ဖွဲ့များက အိမ်နီးချင်း ပင်လယ်ကွေ့နိုင်ငံများကို သတိပေးခဲ့သည်။
အဆိုပါပို့စ်တွင် တရုတ်နိုင်ငံ ၏ အမည်ကို တိုက်ရိုက်ထည့်သွင်းမထားသော်လည်း၊ တရုတ်စီးပွားရေးလုပ်ငန်းများသည် တီဟီရန်၏ အဓိက ရန်ပုံငွေအရင်းအမြစ်ဖြစ်သော အီရန်ရေနံကို အများဆုံး ဝယ်ယူနေကြသူများ ဖြစ်သည်။
စစ်ပွဲစတင်ကတည်းက ဝါရှင်တန်သည် တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်တုန်းပြည်နယ်တွင် အများဆုံးအခြေစိုက်သည့် ‘teapot’ သန့်စင်စက်ရုံများဟု ခေါ်သော ပုဂ္ဂလိကပိုင် ရေနံချက်စက်ရုံ အများအပြားကို ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။ ထိုစဉ်က တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက အဆိုပါ ဒဏ်ခတ်ပိတ်ဆို့မှုများသည် “နိုင်ငံတကာဥပဒေနှင့် နိုင်ငံတကာဆက်ဆံရေးကို ထိန်းကျောင်းသည့် အခြေခံစံနှုန်းများကို ချိုးဖောက်ခြင်း” ဖြစ်သည်ဟု ပြောကြားခဲ့သည်။ ထို့အပြင် အဆိုပါ ဒဏ်ခတ်ပိတ်ဆို့မှုများကို “အသိအမှတ်ပြုခြင်း၊ အသက်ဝင်စေခြင်း (သို့) လိုက်နာဆောင်ရွက်ခြင်း မပြုရ” ဟု သတ်မှတ်ထားသော အမိန့်တစ်ရပ်ကိုလည်း ထုတ်ပြန်ခဲ့သည်။ ထရမ့်၏ နောက်ဆုံးပို့စ်နှင့် ပတ်သက်၍ တုံ့ပြန်မှတ်ချက်ပေးရန် ဝါရှင်တန်ရှိ တရုတ်သံရုံးထံသို့ BBC က ဆက်သွယ်မေးမြန်းထားသည်။
အမေရိကန်အနေဖြင့် အီရန်အပေါ် “ကမ္ဘာကြီးတစ်ခါမျှ မမြင်ဖူးသည့်ပုံစံမျိုးဖြင့်” စီးပွားရေးအရ အထီးကျန်ဖြစ်စေမည့် အရေးယူမှုများကို မကြာမီ ချမှတ်သွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆင့် (Scott Bessent) က ပြီးခဲ့သည့်ရက်သတ္တပတ်တွင် ပြောကြားခဲ့သည်။ ဧပြီလတွင် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပင်တဂွန်တို့က Operation Economic Fury ကို ကြေညာခဲ့သည်။ ယင်းစစ်ဆင်ရေးသည် ဒဏ်ခတ်ပိတ်ဆို့မှုများမှတစ်ဆင့် အီရန်၏ ဝင်ငွေလမ်းကြောင်းများကို ဖြိုခွဲပစ်ရန်နှင့် အီရန်နှင့် စီးပွားရေးလုပ်နေသော နိုင်ငံတကာအဖွဲ့အစည်းများကို ရပ်တန့်ရန် ရည်ရွယ်သည်။ ၎င်းတွင် အစ္စလာမ္မစ်သမ္မတနိုင်ငံမှ ပို့ကုန်များကို ရပ်တန့်ရန် ရေကြောင်းပိတ်ဆို့မှုလည်း ပါဝင်သည်။ ယင်းကိစ္စအတွက် BBC သည် အိမ်ဖြူတော်နှင့် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနတို့ထံ မှတ်ချက်ပေးရန် တောင်းဆိုထားသည်။
ယခုသီတင်းပတ်အစောပိုင်းတွင်၊ Fox News သတင်းထောက်တစ်ဦးနှင့် ဖုန်းဖြင့် အင်တာဗျူးရာတွင် အီရန်နှင့် ၎င်း၏အစိုးရအဖွဲ့၏ ဆွေးနွေးပွဲများကို “ဝင်ရောက်နှောင့်ယှက်ပါက” အမေရိကန်၏ မဟာမိတ်ဖြစ်သော အိုမန်နိုင်ငံကို ဗုံးကြဲမည်ဟုလည်း ထရမ့်က ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။
အမေရိကန်နှင့် အိုမန်တို့သည် ကမ္ဘာ့စီးပွားရေးအတွက် အရေးပါသော ရေကြောင်းလမ်းဖြစ်သည့် ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) ကို ပြန်လည်ဖွင့်လှစ်ရန် တီဟီရန်နှင့် သီးခြားစီ ဆွေးနွေးညှိနှိုင်းနေကြသည်။ အဆိုပါ ပဋိပက္ခသည် အဓိကကျသော ဟော်မုဇ်ရေလက်ကြား သင်္ဘောသွားလာရေးလမ်းကြောင်းကို သိသိသာသာ အနှောင့်အယှက်ဖြစ်စေခဲ့ပြီး ကမ္ဘာ့စွမ်းအင်ဈေးနှုန်းများကို မြင့်တက်စေခဲ့သည်။ ပုံမှန်အားဖြင့် ကမ္ဘာ့ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ရည် (LNG) ၏ ၂၀ ရာခိုင်နှုန်းခန့်သည် အဆိုပါ ရေလက်ကြားမှတစ်ဆင့် ဖြတ်သန်းသွားလာလေ့ရှိသည်။
နိုဝင်ဘာလတွင် ကျင်းပမည့် အမေရိကန် သက်တမ်းဝက် ရွေးကောက်ပွဲများမတိုင်မီ၊ အဆိုပါစစ်ပွဲကြောင့် အမေရိကန်စားသုံးသူများအပေါ် မည်မျှကုန်ကျစရိတ် ကြီးမားနေသလဲဆိုသည့် အချက်နှင့်ပတ်သက်၍ ထရမ့်အနေဖြင့် ဖိအားများနှင့် ရင်ဆိုင်နေရသည်။


























