iPhone 18 Pro ကို နောက်လတွင် မိတ်ဆက်တော့မည်ဖြစ်ရာ iPhone အသုံးပြုသူအများအပြားက “ဒီနှစ်မှာ တကယ်ပဲ ဘာတွေထူးခြားပြောင်းလဲလာမှာလဲ” ဟု မေးခွန်းထုတ်နေကြမည် ဖြစ်ပါသည်။ နောက်ဆုံးထွက် သတင်းပေါက်ကြားမှုများအရ Apple အနေဖြင့် iPhone 18 Pro ကို ယခင်မော်ဒယ်များနှင့် မတူအောင် ခွဲထုတ်ဖန်တီးမည့် အဓိကအချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
၁။ ပင်မကင်မရာ (Main Camera) အတွက် ကြီးမားသော အပြောင်းအလဲများ
နှစ်စဉ်နှစ်တိုင်း Apple သည် iPhone ၏ ကင်မရာစနစ်ကို နည်းလမ်းအမျိုးမျိုးဖြင့် အဆင့်မြှင့်တင်လေ့ရှိသော်လည်း ပင်မကင်မရာ (Main camera) တွင် သိသာထင်ရှားသည့် ပြောင်းလဲမှုကြီးများ ပြုလုပ်သည်မှာ ရှားပါးပါသည်။
iPhone 17 Pro တွင် အရှေ့ကင်မရာအသစ်နှင့် ပိုမိုကောင်းမွန်သည့် Telephoto ကင်မရာ ပါဝင်လာခဲ့သည်။ iPhone 18 Pro တွင်မူ Telephoto အဆင့်မြှင့်တင်မှုများ ပိုမိုပါဝင်လာမည့်အပြင် Main camera တွင်လည်း ကြီးမားသောအပြောင်းအလဲများ ပါဝင်လာမည်ဟု သတင်းထွက်နေသည်။ သတင်းပေါက်ကြားသူ Fixed Focus Digital ကလည်း ထိုအချက်ကို မကြာသေးမီက အရိပ်အမြွက် ပြောကြားခဲ့သည်။
၎င်း၏အဆိုအရ iPhone 18 Pro စီးရီး၏ Main camera အဆင့်မြှင့်တင်မှုမှာ သေချာသလောက်ရှိနေပြီး အလူမီနီယံ အလွိုင်းကျောဘက် panel တွင် ၂ မီလီမီတာကျော် ပိုမိုထူထဲလာစေမည်ဟု ဆိုသည်။ တစ်နည်းအားဖြင့် ကင်မရာခုံးထွက်မှု (camera plateau) သည် ယခင်သတင်းထွက်ထားသည်ထက်ပင် ပိုမိုထူလာနိုင်သည်။
ယခုကဲ့သို့ သိသာစွာ ထူလာရသည့် အကြောင်းရင်းမှာ “ပိုမိုကြီးမားလာသော ပင်မကင်မရာ မော်ဂျူး (Enlarged main camera module)” ကြောင့်ဖြစ်သည်ဟု ၎င်းက နောက်ဆက်တွဲ ပို့စ်တစ်ခုတွင် ဖော်ပြထားသည်။
Mark Gurman ကလည်း iPhone 18 Pro တွင် “iPhone သမိုင်းတစ်လျှောက် အကြီးမားဆုံး ကင်မရာ hardware အဆင့်မြှင့်တင်မှုများအနက် တစ်ခု” ပါဝင်လာမည်ဟု အကြိမ်ကြိမ် ပြောကြားထားသည်။ အလင်းဝင်ပေါက် အကျဉ်းအကျယ် ချိန်ညှိနိုင်သည့်စနစ် (variable aperture) ပါဝင်လာမည်ဟု မျှော်လင့်ထားကြသော်လည်း ယခုနှစ် ကင်မရာပြောင်းလဲမှုများတွင် ယခုထက်မက စိတ်ဝင်စားစရာ အချက်အလက်များ ရှိနေပုံရသည်။
၂။ Apple ကိုယ်တိုင် ဒီဇိုင်းထုတ်ထားသည့် C2 Modem
Apple သည် ပြီးခဲ့သည့်နှစ် iPhone 16e တွင် ကိုယ်ပိုင်ဒီဇိုင်း C1 modem ကို စတင်ထည့်သွင်းကာ Qualcomm 5G modem များထံမှ စတင်ခွဲထွက်ခဲ့သည်။ ထို့နောက် iPhone Air တွင် C1X modem ကို ဆက်လက်အသုံးပြုခဲ့သော်လည်း Apple ၏ လူကြိုက်အများဆုံး မော်ဒယ်များဖြစ်သည့် iPhone 17 Pro၊ Pro Max နှင့် iPhone 17 တို့တွင်မူ Qualcomm ကိုသာ ဆက်လက်အသုံးပြုခဲ့သည်။
သတင်းများအရ iPhone 18 Pro တွင် Apple ကိုယ်တိုင် ဒီဇိုင်းထုတ်ထားသည့် C2 modem သို့ ပြောင်းလဲအသုံးပြုသွားမည်ဟု သိရသည်။ ၎င်းမှတစ်ဆင့် အောက်ပါ အကျိုးကျေးဇူးများကို ရရှိစေမည်ဖြစ်သည် –
-
ဘက်ထရီ စွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာခြင်း
-
‘Limit Precise Location’ ကဲ့သို့ ကိုယ်ရေးလုံခြုံမှုဆိုင်ရာ လုပ်ဆောင်ချက်အသစ် ပါဝင်လာခြင်း
-
လိုင်းဆွဲအား မတည်ငြိမ်သော နေရာများတွင် Data ချိတ်ဆက်မှု ပိုမိုခိုင်မာအားကောင်းခြင်း
၃။ သမိုင်းတစ်လျှောက် အကောင်းဆုံး ဘက်ထရီသက်တမ်း (အထူးသဖြင့် iPhone 18 Pro Max)
C2 modem နှင့် A20 Pro chip အသစ်တို့ကြောင့် iPhone 18 Pro နှင့် Pro Max တို့သည် iPhone သမိုင်းတစ်လျှောက် အကောင်းဆုံး ဘက်ထရီသက်တမ်းကို ပေးစွမ်းနိုင်မည်ဟု မျှော်လင့်ရသည်။
အထူးသဖြင့် iPhone 18 Pro Max သည် ပို၍ပင် အထင်ကြီးစရာ ကောင်းလာနိုင်သည်။ တရားဝင် စည်းမျဉ်းမှတ်တမ်းတင် အချက်အလက်များအရ ဘက်ထရီပမာဏ (physical battery) သည် ၁၀ ရာခိုင်နှုန်းခန့် ပိုမိုကြီးမားလာမည်ဟု ညွှန်ပြနေသည်။
ပြီးခဲ့သည့်နှစ် Pro Max မော်ဒယ်သည် ဘက်ထရီ အလွန်ကောင်းမွန်ခဲ့သော်လည်း iPhone 18 Pro Max ကမူ အဆင့်တစ်ခုသို့ ပိုမိုတက်လှမ်းနိုင်မည် ဖြစ်သည်။
၄။ ဒီဇိုင်းပိုင်းဆိုင်ရာ အသစ်အဆန်းများ – Dark Cherry အရောင် နှင့် Dynamic Island အသစ်
(သတင်းရင်းမြစ် – Sonny Dickson)
Apple သည် အစဉ်အလာအရ Pro မော်ဒယ်များတွင် တောက်ပရဲတင်းသော အရောင်ဆန်းများကို ရှောင်လေ့ရှိသည်။ သို့သော် ပြီးခဲ့သည့်နှစ်က iPhone 17 Pro တွင် Cosmic Orange အရောင် ထွက်ရှိလာပြီး ဝယ်ယူသူများအကြား အလွန်အောင်မြင်ခဲ့သည့်နောက်ပိုင်း ထိုအချက်မှာ ပြောင်းလဲသွားခဲ့သည်။
iPhone 18 Pro အတွက် flagship အရောင်အသစ်မှာ Dark Cherry / Burgundy (ချယ်ရီရင့် / ဝိုင်နီရောင်) ဖြစ်ပြီး ယခင်နည်းတူ ရေပန်းစားလာနိုင်သည်။ Apple အနေဖြင့် ဤကဲ့သို့ အရောင်မျိုးကို ပထမဆုံးအကြိမ် မိတ်ဆက်ခြင်းဖြစ်သလို Pro မော်ဒယ်တွင် ပထမဆုံးအသုံးပြုသည့် အနီရောင်အသွင်လည်း ဖြစ်သည်။
ထို့အပြင် Dynamic Island ဒီဇိုင်းအသစ်ကိုလည်း iPhone 18 Pro တွင် စတင်တွေ့မြင်ရမည်ဖြစ်ပြီး လက်ရှိ Dynamic Island ထက် ၃၅% ပိုမိုသေးငယ်သွားမည်ဟု မျှော်လင့်ရပါသည်။



























