နေပြည်တော်တိုင်းစစ်ဌာနချုပ်က စစ်သည် ၁ ဦးတွင် ကိုဗစ်-၁၉ ပိုးတွေ့

0
88

နေပြည်တော်တိုင်းစစ်ဌာနချုပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်သည် ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိရတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒါဟာ မြန်မာနိုင်ငံအတွင်း တပ်မတော်ထဲမှာ ပထမဆုံး ကိုဗစ်-၁၉ ရောဂါပိုးတွေ့တာလည်းဖြစ်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောပါတယ်။

အဆိုပါ စစ်သည်ဟာ ဧပြီ ၃၀ ရက်နေ့ကတည်းက ဖျားတာ၊ လည်ချောင်းနာတာ၊ ဝမ်းပျက်ဝမ်းလျှောတာတွေ ခံစားနေရပြီး မေလ ၁ ရက်နေ့မှာ ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်လို့ ကြိုတင်ပြင်ဆင်ထားတဲ့ နယ်မြေခံတပ်မတော်ဆေးရုံက ကုသဆောင်မှာ သီးခြားစောင့်ကြည့်ပြီး ကုသမှုတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

မေလ ၄ ရက်နေ့မှာ လူနာရဲ့ နှာခေါင်းနဲ့ အာခေါင်တို့ဖတ်တွေကိုယူပြီး PCR နည်းနဲ့ စမ်းသပ်စစ်ဆေး၊ ဓာတ်ခွဲအတည်ပြုတာမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိရတဲ့အတွက် ကိုဗစ်-၁၉ ရောဂါကုသဖို့ သတ်မှတ်ထားတဲ့ ဆေးရုံမှာ ကုသမှုခံယူနေပြီး ကျန်းမာရေးကောင်းမွန်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

“ရောဂါပိုးတွေ့တဲ့ စစ်သည်ကိုတော့ ရောဂါကုသဖို့ သတ်မှတ်ထားတဲ့ ဆေးရုံမှာကုသမှုပေးနေပါတယ်။ အခြေနေကောင်းပါတယ်။ ဘယ်ကနေကူးသလဲ၊ သူ့ဆီကနေ ဘယ်လောက်ကူးသလဲ၊ သူကရော ဘယ်လိုကူးခံရသလဲ စိစစ်နေပါတယ်” လို့ ဗိုလ်ချုပ်ထွန်းထွန်းညီက ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါစစ်သည်နဲ့ ဆက်စပ်ထိတွေ့မှုရှိခဲ့သူတွေကိုလည်း လိုအပ်တဲ့ ရောဂါရှာဖွေ ဖော်ထုတ်တာ၊ အသွားအလာ ကန့်သတ်စောင့်ကြည့်တာတွေ ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

“သူနဲ့ထိတွေ့တဲ့သူတွေလည်း သူရုံးဌာနမှာ ထိတွေ့ထားတဲ့သူတွေကိုတော့ စစ်ဆေးနေပါတယ်။ ဘယ်လို ကူးတယ်။ သူ့ ပတ်ဝန်းကျင်မှာ သူနဲ့ Contact Person တွေ ဘယ်သူတွေရှိလဲ အဲဒါတွေနဲ့ပတ်သက်ပြီးတော့လည်း လိုအပ်တဲ့ process တွေအတိုင်း ဆက်ပြီး ဆောင်ရွက်နေပါတယ်” လို့ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောပါတယ်။

ပိုးတွေ့စစ်သည်အနေနဲ့ ခရီးသွားရာဇဝင်ရှိ မရှိကိုတော့ စိစစ်နေတုန်းပဲ ရှိပါသေးတယ်လို့ ပြောပါတယ်။

ရုရှားနိုင်ငံမှာ ပညာသင်သွားရောက်နေတဲ့ မြန်မာတပ်မတော်က သင်တန်းသား အရာရှိ ၅ ဦး လည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံနေရတာရှိပါတယ်။

————

ေနျပည္ေတာ္တိုင္းစစ္ဌာနခ်ဳပ္မွာ တာဝန္ထမ္းေဆာင္ေနတဲ့ စစ္သည္ ၁ ဦးမွာ ကိုဗစ္-၁၉ ေရာဂါပိုးေတြ႕ရွိရတယ္လို႔ တပ္မေတာ္က သတင္းထုတ္ျပန္လိုက္ပါတယ္။

ဒါဟာ ျမန္မာႏိုင္ငံအတြင္း တပ္မေတာ္ထဲမွာ ပထမဆုံး ကိုဗစ္-၁၉ ေရာဂါပိုးေတြ႕တာလည္းျဖစ္တယ္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ ဒုတိယဥကၠ႒ ဗိုလ္ခ်ဳပ္ထြန္းထြန္းညီက ေျပာပါတယ္။

အဆိုပါ စစ္သည္ဟာ ဧၿပီ ၃၀ ရက္ေန႔ကတည္းက ဖ်ားတာ၊ လည္ေခ်ာင္းနာတာ၊ ဝမ္းပ်က္ဝမ္းေလွ်ာတာေတြ ခံစားေနရၿပီး ေမလ ၁ ရက္ေန႔မွာ ကိုဗစ္-၁၉ ေရာဂါနဲ႔ ပတ္သက္လို႔ ႀကိဳတင္ျပင္ဆင္ထားတဲ့ နယ္ေျမခံတပ္မေတာ္ေဆး႐ုံက ကုသေဆာင္မွာ သီးျခားေစာင့္ၾကည့္ၿပီး ကုသမႈေတြ ေဆာင္႐ြက္ေနတယ္လို႔ သိရပါတယ္။

ေမလ ၄ ရက္ေန႔မွာ လူနာရဲ႕ ႏွာေခါင္းနဲ႔ အာေခါင္တို႔ဖတ္ေတြကိုယူၿပီး PCR နည္းနဲ႔ စမ္းသပ္စစ္ေဆး၊ ဓာတ္ခြဲအတည္ျပဳတာမွာ ကိုဗစ္-၁၉ ေရာဂါပိုးေတြ႕ရွိရတဲ့အတြက္ ကိုဗစ္-၁၉ ေရာဂါကုသဖို႔ သတ္မွတ္ထားတဲ့ ေဆး႐ုံမွာ ကုသမႈခံယူေနၿပီး က်န္းမာေရးေကာင္းမြန္ေနတယ္လို႔ ထုတ္ျပန္ထားပါတယ္။

“ေရာဂါပိုးေတြ႕တဲ့ စစ္သည္ကိုေတာ့ ေရာဂါကုသဖို႔ သတ္မွတ္ထားတဲ့ ေဆး႐ုံမွာကုသမႈေပးေနပါတယ္။ အေျခေနေကာင္းပါတယ္။ ဘယ္ကေနကူးသလဲ၊ သူ႔ဆီကေန ဘယ္ေလာက္ကူးသလဲ၊ သူကေရာ ဘယ္လိုကူးခံရသလဲ စိစစ္ေနပါတယ္” လို႔ ဗိုလ္ခ်ဳပ္ထြန္းထြန္းညီက ဒီဗြီဘီကို ေျပာပါတယ္။

အဆိုပါစစ္သည္နဲ႔ ဆက္စပ္ထိေတြ႕မႈရွိခဲ့သူေတြကိုလည္း လိုအပ္တဲ့ ေရာဂါရွာေဖြ ေဖာ္ထုတ္တာ၊ အသြားအလာ ကန႔္သတ္ေစာင့္ၾကည့္တာေတြ ဆက္လက္ေဆာင္႐ြက္ေနတယ္လို႔ သိရပါတယ္။

“သူနဲ႔ထိေတြ႕တဲ့သူေတြလည္း သူ႐ုံးဌာနမွာ ထိေတြ႕ထားတဲ့သူေတြကိုေတာ့ စစ္ေဆးေနပါတယ္။ ဘယ္လို ကူးတယ္။ သူ႔ ပတ္ဝန္းက်င္မွာ သူနဲ႔ Contact Person ေတြ ဘယ္သူေတြရွိလဲ အဲဒါေတြနဲ႔ပတ္သက္ၿပီးေတာ့လည္း လိုအပ္တဲ့ process ေတြအတိုင္း ဆက္ၿပီး ေဆာင္႐ြက္ေနပါတယ္” လို႔ ဗိုလ္ခ်ဳပ္ထြန္းထြန္းညီက ေျပာပါတယ္။

ပိုးေတြ႕စစ္သည္အေနနဲ႔ ခရီးသြားရာဇဝင္ရွိ မရွိကိုေတာ့ စိစစ္ေနတုန္းပဲ ရွိပါေသးတယ္လို႔ ေျပာပါတယ္။

႐ုရွားႏိုင္ငံမွာ ပညာသင္သြားေရာက္ေနတဲ့ ျမန္မာတပ္မေတာ္က သင္တန္းသား အရာရွိ ၅ ဦး လည္း ကိုဗစ္-၁၉ ေရာဂါ ကူးစက္ခံေနရတာရွိပါတယ္။

DVB TV News

LEAVE A REPLY

Please enter your comment!
Please enter your name here