တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်ခန့်အပ်ရေးဆိုင်ရာ ပုဒ်မ တစ်ခုသာ ပြင်ဆင်နိုင်

2

တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေ ခန့်အပ်ရေးနဲ့ပတ်သက်တဲ့ ပုဒ်မ ၂၆၁ ရဲ့ ပုဒ်မ၊ ပုဒ်မခွဲတွေကို ပြင်ဆင်၊ ပယ်ဖျက်ဖို့ ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်တာမှာ ဝန်ကြီးချုပ်ခန့်အပ်ရေး ပုဒ်မတစ်ခုပဲ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော်တဲ့အတွက် ပြင်ဆင်နိုင်ခဲ့ပါတယ်။

မတ်လ ၁၈ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ဥပဒေ မူကြမ်းပါ ပုဒ်မ ၄၃၆(ခ)နဲ့ အကျုံးဝင်တဲ့ ပုဒ်မ၊ ပုဒ်မခွဲ ၁၉ ခုကို ကိုယ်စားလှယ်တွေ မဲခွဲဆုံးဖြတ်တာမှာ အခုရလဒ်ရခဲ့တာပါ။

ဒီပြင်ဆင်နိုင်တဲ့ပုဒ်မဟာ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခန်း(၅) အုပ်ချုပ်ရေးအခန်းက ပုဒ်မ ၂၆၂(က)(၁)ဖြစ်ပါတယ်။

မူလပြဋ္ဌာန်းချက်ဖြစ်တဲ့ “တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သည် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များထဲကဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများထဲကဖြစ်စေ ပုဒ်မ ၂၆၁၊ ပုဒ်မခွဲ(က) ပါ ပြဋ္ဌာန်းချက်တွင် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသော သင့်လျော်သည့် ပုဂ္ဂိုလ်များကို ရွေးချယ်ရ မည်”လို့သတ်မှတ်ချက်ကို အန်အယ်ယ်ဒီနဲ့ တပ်မတော်က ပုဒ်မ ၂၆၁၊ ပုဒ်မခွဲ(က)ပါ “ပြဋ္ဌာန်းချက်တွင် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသော သင့်လျော်သည့် ပုဂ္ဂိုလ်များကို ရွေးချယ်ရမည်” လို့ ပြင်ဆင်ချက်တင်သွင်းထားတာဖြစ်ပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ် ခန့်အပ်ခံရမယ့်သူတွေနဲ့ပတ်သက်လို့ ပုဒ်မ ၂၆၁၊ ပုဒ်မခွဲ(က)မှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် အသက် ၃၅ နှစ် ပြည့်ပြီးသူ၊ အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂၀ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားတဲ့ အရည်အချင်းများနှင့် ပြည့်စုံသူ၊ ပုဒ်မ ၁၂၁ မှာ ဖော်ပြထားတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိစေသော ပြဋ္ဌာန်းချက်များနှင့် ငြိစွန်းခြင်းမရှိသူ၊ နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ လို့ သတ်မှတ်ထားပါတယ်။

ဒီတိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ ခန့်အပ်ရေးနဲ့ပတ်သက်လို့ အန်အယ်လ်ဒီနဲ့ တပ်မတော်အစုအဖွဲ့က တင်သွင်းထားတဲ့ ပြင်ဆင်ချက်ဟာ တူညီနေတဲ့အတွက်လည်း အခုလို ထောက်ခံမဲ ၅၉၁ မဲရရှိခဲ့ပြီး ၉၀ ဒသမ ၃၇ ရာခိုင်နှုန်းနဲ့ ပြင်ဆင်ဖို့ သဘောတူညီချက် ရရှိခဲ့တာဖြစ်ပါတယ်။

ဒီနေ့မဲခွဲဆုံးဖြတ်တဲ့ ပုဒ်မ ၁၉ ခုမှာ ပုဒ်မ ၂၆၂(က)(၁) တစ်ခုပဲ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းရရှိခဲ့ပြီး ကျန်ပုဒ်မတွေ အားလုံး ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော် မရရှိခဲ့တဲ့အတွက် ပြင်ဆင်နိုင်ခြင်းမရှိဘဲ ရှုံးနိမ့်ခဲ့ပါတယ်။

DVB TV News

——————–

တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေတြ၊ ဝန္ႀကီးေတြ ခန႔္အပ္ေရးနဲ႔ပတ္သက္တဲ့ ပုဒ္မ ၂၆၁ ရဲ႕ ပုဒ္မ၊ ပုဒ္မခြဲေတြကို ျပင္ဆင္၊ ပယ္ဖ်က္ဖို႔ ျပည္ေထာင္စုလႊတ္ေတာ္မွာ မဲခြဲဆုံးျဖတ္တာမွာ ဝန္ႀကီးခ်ဳပ္ခန႔္အပ္ေရး ပုဒ္မတစ္ခုပဲ ေထာက္ခံမဲ ၇၅ ရာခိုင္ႏႈန္းေက်ာ္တဲ့အတြက္ ျပင္ဆင္ႏိုင္ခဲ့ပါတယ္။

မတ္လ ၁၈ ရက္ေန႔ ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေဝးမွာ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ဒုတိယအႀကိမ္ျပင္ဆင္တဲ့ဥပေဒ မူၾကမ္းပါ ပုဒ္မ ၄၃၆(ခ)နဲ႔ အက်ဳံးဝင္တဲ့ ပုဒ္မ၊ ပုဒ္မခြဲ ၁၉ ခုကို ကိုယ္စားလွယ္ေတြ မဲခြဲဆုံးျဖတ္တာမွာ အခုရလဒ္ရခဲ့တာပါ။

ဒီျပင္ဆင္ႏိုင္တဲ့ပုဒ္မဟာ ဖြဲ႕စည္းပုံအေျခခံဥပေဒရဲ႕ အခန္း(၅) အုပ္ခ်ဳပ္ေရးအခန္းက ပုဒ္မ ၂၆၂(က)(၁)ျဖစ္ပါတယ္။

မူလျပ႒ာန္းခ်က္ျဖစ္တဲ့ “တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ သည္ သက္ဆိုင္ရာတိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားထဲကျဖစ္ေစ၊ လႊတ္ေတာ္ကိုယ္စားလွယ္ မဟုတ္သူမ်ားထဲကျဖစ္ေစ ပုဒ္မ ၂၆၁၊ ပုဒ္မခြဲ(က) ပါ ျပ႒ာန္းခ်က္တြင္ သတ္မွတ္ထားသည့္ အရည္အခ်င္းမ်ားႏွင့္ ျပည့္စုံေသာ သင့္ေလ်ာ္သည့္ ပုဂၢိဳလ္မ်ားကို ေ႐ြးခ်ယ္ရ မည္”လို႔သတ္မွတ္ခ်က္ကို အန္အယ္ယ္ဒီနဲ႔ တပ္မေတာ္က ပုဒ္မ ၂၆၁၊ ပုဒ္မခြဲ(က)ပါ “ျပ႒ာန္းခ်က္တြင္ သတ္မွတ္ထားသည့္ အရည္အခ်င္းမ်ားႏွင့္ ျပည့္စုံေသာ သင့္ေလ်ာ္သည့္ ပုဂၢိဳလ္မ်ားကို ေ႐ြးခ်ယ္ရမည္” လို႔ ျပင္ဆင္ခ်က္တင္သြင္းထားတာျဖစ္ပါတယ္။

တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ခန႔္အပ္ခံရမယ့္သူေတြနဲ႔ပတ္သက္လို႔ ပုဒ္မ ၂၆၁၊ ပုဒ္မခြဲ(က)မွာ တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္ဝန္ႀကီးခ်ဳပ္သည္ အသက္ ၃၅ ႏွစ္ ျပည့္ၿပီးသူ၊ အသက္ကန႔္သတ္ခ်က္မွအပ ပုဒ္မ ၁၂၀ တြင္ ေဖာ္ျပထားသည့္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားအတြက္ သတ္မွတ္ထားတဲ့ အရည္အခ်င္းမ်ားႏွင့္ ျပည့္စုံသူ၊ ပုဒ္မ ၁၂၁ မွာ ေဖာ္ျပထားတဲ့ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအျဖစ္ ေ႐ြးေကာက္တင္ေျမႇာက္ခံပိုင္ခြင့္ မရွိေစေသာ ျပ႒ာန္းခ်က္မ်ားႏွင့္ ၿငိစြန္းျခင္းမရွိသူ၊ ႏိုင္ငံေတာ္ႏွင့္ ႏိုင္ငံသားမ်ားအေပၚ သစၥာရွိသူ လို႔ သတ္မွတ္ထားပါတယ္။

ဒီတိုင္းေဒသႀကီးနဲ႔ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေတြ ခန႔္အပ္ေရးနဲ႔ပတ္သက္လို႔ အန္အယ္လ္ဒီနဲ႔ တပ္မေတာ္အစုအဖြဲ႕က တင္သြင္းထားတဲ့ ျပင္ဆင္ခ်က္ဟာ တူညီေနတဲ့အတြက္လည္း အခုလို ေထာက္ခံမဲ ၅၉၁ မဲရရွိခဲ့ၿပီး ၉၀ ဒသမ ၃၇ ရာခိုင္ႏႈန္းနဲ႔ ျပင္ဆင္ဖို႔ သေဘာတူညီခ်က္ ရရွိခဲ့တာျဖစ္ပါတယ္။

ဒီေန႔မဲခြဲဆုံးျဖတ္တဲ့ ပုဒ္မ ၁၉ ခုမွာ ပုဒ္မ ၂၆၂(က)(၁) တစ္ခုပဲ ေထာက္ခံမဲ ၇၅ ရာခိုင္ႏႈန္းရရွိခဲ့ၿပီး က်န္ပုဒ္မေတြ အားလုံး ေထာက္ခံမဲ ၇၅ ရာခိုင္ႏႈန္းေက်ာ္ မရရွိခဲ့တဲ့အတြက္ ျပင္ဆင္ႏိုင္ျခင္းမရွိဘဲ ရႈံးနိမ့္ခဲ့ပါတယ္။

DVB TV News