အမျိုးသမီး လစဉ်သုံးဂွမ်းကပ်များ အခွန်တိုးကောက်သဖြင့် ထိုင်းဝန်ကြီးချုပ် ‌ဝေဖန်ခံရ

126

ထိုင်းနိုင်ငံမှာ အမျိုးသမီးတွေ ဓမ္မတာလာစဉ် အသုံးပြုတဲ့ ဂွမ်းကပ်တွေကို အပိုသုံးဖြုန်းပစ္စည်းအဖြစ် သတ်မှတ်ပြီး အခွန်ငွေ ၄၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံခဲ့တာကြောင့် ထိုင်းဝန်ကြီးချုပ်ကို ဝေဖန်နေကြပါတယ်။

အမျိုးသမီးတွေ ကျန်းမာရေးအတွက် လစဉ် အသုံးပြုနေရတဲ့ ဂွမ်းကပ်တွေရဲ့ ဈေးနှုန်းကို ထိန်းချုပ်မှုမရှိတဲ့အပြင် အပိုသုံးဖြုန်းပစ္စည်းအဖြစ် သတ်မှတ်ပြီး အခွန်ငွေ ၄၀ ရာခိုင်နှုန်းပေးရမယ်လို့ သတ်မှတ်ခဲ့တာဟာ ထိုင်းဝန်ကြီးချုပ်အနေနဲ့ ဘယ်လိုအသိဉာဏ်နဲ့ ဆုံးဖြတ်တာလဲလို့ ဖွေ့ချတ်ပါတီ ပြောခွင့်ရှိသူ နန်းဆောင်ကစ်ပရီးယားကယောက်ဆိုင်မိုင်းက ဒီဇင်ဘာ ၁၆ ရက်မှာ မေးခွန်းထုတ်လိုက်ပါတယ်။

ဝန်ကြီးချုပ်အနေနဲ့ ကုန်ဈေးနှုန်းကြီးမှုကို ရင်ဆိုင်နေရတဲ့ အမျိုးသမီးထုတွေကို ငဲ့ကွက်ပြီး အမျိုးသမီးသုံး ဂွမ်းကပ်တွေကို အခွန်လွတ်ပစ္စည်းအဖြစ် သတ်မှတ်ပေးသင့်ကြောင်း၊ ဒီပစ္စည်းဟာ အမျိုးသမီးတွေအတွက် မသုံးမဖြစ်ပစ္စည်းမို့ စာသင်ကျောင်းတွေမှာ အခမဲ့ ဖြန့်‌ဝေသင့်တယ်လို့ ကစ်ပရီးယားက ဆက်ပြောပါတယ်။

လက်ရှိ အမျိုးသမီးသုံးဂွမ်းကပ် တထုပ်ကို ဘတ် ၄၀ မှ ၆၀ အထိ ဈေးကြီးပေး ဝယ်နေရကြောင်း၊ အကောင်းစားဆို ဘတ် ၈၀ အထိပေးရကြောင်း၊ အမျိုးသမီးတဦးဟာ မိမိကျန်းမာရေးပေါ် မူတည်ပြီး ဂွမ်းကပ် တနေ့ကို ၇ ကြိမ်ထိ လဲကြရကြောင်း၊ တလလျှင် ဓမ္မတာ ၄ ရက်မှ ၇ ရက်ထိ ကြာတတ်ပြီး ပျှမ်းမျှ ၁ လကို ဂွမ်းကပ် အခု ၃၀ ထိ သုံးရတာကြောင့် တလကို ဘတ် ၄၀၀ ထိ ကုန်ကျနေရပြီး အနှစ် ၃၀ ဆိုရင် ဘတ်ငွေ ၁၄၀၀၀၀ ကုန်ကျတယ်လို့ ကစ်ပရီးယားက ထောက်ပြသွားပါတယ်။

ဝန်ကြီးချုပ်အနေနဲ့ အမျိုးသမီးတွေရဲ့ အခြေခံအခွင့်အရေးကို မထောက်ရှုဘဲ ဆုံးဖြတ်ခဲ့တာဟာ အမျိုးသမီးထုကြီးက မောင်းထုတ်တာကို ခံချင်လို့လားလို့ ကစ်ပရီးယားက မေးထားတဲ့အကြောင်း သတင်းမှာ ဖော်ပြထားပါတယ် ။

ကစ်ပရီးယားရဲ့ မေးခွန်းကို ထိုင်းလူမှုကွန်ရက်ထဲမှာ ထိုင်းအမျိုးသမီး အများစုက ထောက်ခံနေကြပြီး ဝန်ကြီးချုပ်ကိုလည်း ဝေဖန်ပြစ်တင်သရော်နေကြပါတယ် ။

DVB TV News

ထိုင္းႏိုင္ငံမွာ အမ်ိဳးသမီးေတြ ဓမၼတာလာစဥ္ အသုံးျပဳတဲ့ ဂြမ္းကပ္ေတြကို အပိုသုံးျဖဳန္းပစၥည္းအျဖစ္ သတ္မွတ္ၿပီး အခြန္ေငြ ၄၀ ရာခိုင္ႏႈန္း တိုးျမႇင့္ေကာက္ခံခဲ့တာေၾကာင့္ ထိုင္းဝန္ႀကီးခ်ဳပ္ကို ေဝဖန္ေနၾကပါတယ္။

အမ်ိဳးသမီးေတြ က်န္းမာေရးအတြက္ လစဥ္ အသုံးျပဳေနရတဲ့ ဂြမ္းကပ္ေတြရဲ႕ ေဈးႏႈန္းကို ထိန္းခ်ဳပ္မႈမရွိတဲ့အျပင္ အပိုသုံးျဖဳန္းပစၥည္းအျဖစ္ သတ္မွတ္ၿပီး အခြန္ေငြ ၄၀ ရာခိုင္ႏႈန္းေပးရမယ္လို႔ သတ္မွတ္ခဲ့တာဟာ ထိုင္းဝန္ႀကီးခ်ဳပ္အေနနဲ႔ ဘယ္လိုအသိဉာဏ္နဲ႔ ဆုံးျဖတ္တာလဲလို႔ ေဖြ႕ခ်တ္ပါတီ ေျပာခြင့္ရွိသူ နန္းေဆာင္ကစ္ပရီးယားကေယာက္ဆိုင္မိုင္းက ဒီဇင္ဘာ ၁၆ ရက္မွာ ေမးခြန္းထုတ္လိုက္ပါတယ္။

ဝန္ႀကီးခ်ဳပ္အေနနဲ႔ ကုန္ေဈးႏႈန္းႀကီးမႈကို ရင္ဆိုင္ေနရတဲ့ အမ်ိဳးသမီးထုေတြကို ငဲ့ကြက္ၿပီး အမ်ိဳးသမီးသုံး ဂြမ္းကပ္ေတြကို အခြန္လြတ္ပစၥည္းအျဖစ္ သတ္မွတ္ေပးသင့္ေၾကာင္း၊ ဒီပစၥည္းဟာ အမ်ိဳးသမီးေတြအတြက္ မသုံးမျဖစ္ပစၥည္းမို႔ စာသင္ေက်ာင္းေတြမွာ အခမဲ့ ျဖန႔္‌ေဝသင့္တယ္လို႔ ကစ္ပရီးယားက ဆက္ေျပာပါတယ္။

လက္ရွိ အမ်ိဳးသမီးသုံးဂြမ္းကပ္ တထုပ္ကို ဘတ္ ၄၀ မွ ၆၀ အထိ ေဈးႀကီးေပး ဝယ္ေနရေၾကာင္း၊ အေကာင္းစားဆို ဘတ္ ၈၀ အထိေပးရေၾကာင္း၊ အမ်ိဳးသမီးတဦးဟာ မိမိက်န္းမာေရးေပၚ မူတည္ၿပီး ဂြမ္းကပ္ တေန႔ကို ၇ ႀကိမ္ထိ လဲၾကရေၾကာင္း၊ တလလွ်င္ ဓမၼတာ ၄ ရက္မွ ၇ ရက္ထိ ၾကာတတ္ၿပီး ပွ်မ္းမွ် ၁ လကို ဂြမ္းကပ္ အခု ၃၀ ထိ သုံးရတာေၾကာင့္ တလကို ဘတ္ ၄၀၀ ထိ ကုန္က်ေနရၿပီး အႏွစ္ ၃၀ ဆိုရင္ ဘတ္ေငြ ၁၄၀၀၀၀ ကုန္က်တယ္လို႔ ကစ္ပရီးယားက ေထာက္ျပသြားပါတယ္။

ဝန္ႀကီးခ်ဳပ္အေနနဲ႔ အမ်ိဳးသမီးေတြရဲ႕ အေျခခံအခြင့္အေရးကို မေထာက္ရႈဘဲ ဆုံးျဖတ္ခဲ့တာဟာ အမ်ိဳးသမီးထုႀကီးက ေမာင္းထုတ္တာကို ခံခ်င္လို႔လားလို႔ ကစ္ပရီးယားက ေမးထားတဲ့အေၾကာင္း သတင္းမွာ ေဖာ္ျပထားပါတယ္ ။

ကစ္ပရီးယားရဲ႕ ေမးခြန္းကို ထိုင္းလူမႈကြန္ရက္ထဲမွာ ထိုင္းအမ်ိဳးသမီး အမ်ားစုက ေထာက္ခံေနၾကၿပီး ဝန္ႀကီးခ်ဳပ္ကိုလည္း ေဝဖန္ျပစ္တင္သေရာ္ေနၾကပါတယ္ ။

DVB TV News