ခရီးသွားတွေကို လည်ပတ်ခွင့်ပိတ်ပင်ထားတဲ့ ထူးခြားဆန်းပြား နေရာများအကြောင်း

257

ခရီးသွားတဲ့သူတော်တော်များများဟာ ကိုယ့်အတွက် စိတ်လှုပ်ရှားစရာပေးစွမ်းနိုင်မယ့်နေရာမျိုးတွေကို ပိုပြီး အားသာကြလေ့ရှိပါတယ်။ အထူးသဖြင့်တော့ စွန့်စားသွားလာရတာကို ကြိုက်နှစ်သက်သူတွေအတွက် တကယ့်ကို ဂိမ်းဆန်ဆန်နေရာမျိုးတွေကို ပိုပြီး နှစ်သက်ကြမှာပါ။ အခု ဖော်ပြထားတဲ့ နေရာတွေကတော့ သက်ဆိုင်ရာအစိုးရအသီးသီးက ခရီးသွားတွေကို ဝင်ရောက်လေ့လာခြင်းမပြုဖိူ့ ပိတ်ပင်ထားတဲ့ နေရာတွေ ဖြစ်ပါတယ်။ လေ့လာကြည့်ရအောင်နော်။

(၁) မြွေကျွန်း (ဘရားဇီး)

တကယ်တော့ ဒီကျွန်းရဲ့နာမည်က Ilha da Queimada Grande ဖြစ်ပါတယ်။ ဘရားဇီးပိုင် ရေပိုက်နက်ထဲမှာ တည်ရှိပြီး၊ (၄၃)ဟက်တာ သို့မဟုတ် (၁၀၆)ဧကသာ ကျယ်ဝန်းပါတယ်။ အဆိပ်ပြင်မြွေတွေ အလွန်ပေါတဲ့အတွက် Snake Island လို့သာ အလွယ်ခေါ်ကြတာပါ။ အဆိပ်ပြင်းမြျွေမျိုးစိတ်ပေါင်း (၄၀၀၀)ကျော်ဟာ ဒီကျွန်းမှာ စိုးမိုးမင်းမူနေတဲ့အတွက် သွားရောက်လည်ပတ်သူတွေအနေနဲ့ ကြီးမားတဲ့ အန္တရာယ်တွေ ဖြစ်နိုင်လို့ ဒေသခံအစိုးရက လည်ပတ်ခွင့် ပိတ်ပင်ထားခဲ့တာပါ။ ထူးခြားတာက ဒီကျွန်းမှာ မြွေတွေသာရှိပြီး၊ တစ်ခြား နို့တိုက်သတ္တဝါတွေ မရှိကြပါဘူးတဲ့။

(၂) Heard Island (သြစတေးလျ)

ဒီကျွန်းကတော့ မြွေကျွန်းလို အန္တရာယ်ရှိတဲ့သတ္တဝါတွေ မရှိပါဘူး။ ဒါပေမယ့် ဘာကြောင့် လည်ပတ်ခွင့်ပိတ်ပင်ထားတာလဲဆိုတော့ ရာသီဥတု အလွန်ဆိုးရွားလို့ ဖြစ်ပါတယ်။ Heard Island နဲ့ McDonald Island ကို HIMI လို့ အတိုကောက် ခေါ်ကြပါတယ်။ ဒီကျွန်းစုဟာ အိန္ဒိယသမုဒ္ဒရာ ကျွန်းစုစာရင်းမှာ ပါဝင်တဲ့ ကမ္ဘာအပယ်ခံ ကျွန်းစု ဖြစ်ပါတယ်။ နေ့စဉ်လိုလို အလွန်အမင်းအေးခြင်း၊ လေကြီးမိုးကြီးကျခြင်း စတာတွေကြောင့် သာမန်အားဖြင့် ဒုက္ခရောက်နိုင်လို့ ဖြစ်ပါတယ်။ သို့သော်လည်း အကန့်သတ်အနေနဲ့တော့ သိပ္ပံပညာရှင်တွေကို သွားရောက်လေ့လာခွင့် ပြုတယ်လို့ သိရပါတယ်။

(၃) Lascaux Caves (ပြင်သစ်)

ပြင်သစ်နိုင်ငံရဲ့ ရှေးဟောင်းနေရာတော်တော်များများကို လည်ပတ်ခွင့်ပြုထားပေမယ့် Lascaux Caves ကတော့ အထူးကန့်သတ်ဇုံဖြစ်ပါတယ်။ အကြောင်းကတော့ ရှေးယခင်တုန်းက ဂူနံရံတွေမှာရေးဆွဲခဲ့တဲ့ ပန်းချီတွေဟာ တဖြည်းဖြည်း မှုန်ဝါးကာ မှိုတက်လာပြီဖြစ်တဲ့အတွက် ခရီးသွားတွေကြောင့် ပျက်စီးမှာစိုးလို့ပါ။ ဒီဂူထဲက နံရံဆေးရေးပန်းချီတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၇၀၀၀)လောက်ကလို့ တွက်ချက်လို့ရပြီး၊ (၁၉၄၀)ခုနှစ်လောက်ကမှ စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ Lascaux Caves ဂူအတွင်းမှာ ဝင်ရောက်ကြည့်ရှုခွင့်မရသော်လည်း အနီးအနားမှာ ပုံစံတူဂူတစ်လုံး တည်ဆောက်ပေးထားပြီး၊ ဧည့်သည်တွေ ဝင်ကြည့်လို့ရပါတယ်။

(၄) North Sentinel Island (အိန္ဒိယ)

ဒီကျွန်းကို ပြန်လမ်းမရှိကျွန်းလို့ သတင်းမီဒီယာတွေက ဖော်ပြကြပါတယ်။ North Sentinel Island ကျွန်းမှာ Sentinelese လူမျိုးစု နေထိုင်ကြပါတယ်။ ကမ္ဘာနဲ့လုံးဝအဆက်အသွယ် ပြတ်နေသူတွေဖြစ်ပြီး၊ သူတို့ကျွန်းပေါ်ကို လူစိမ်းအတက်မခံပါဘူး။ သိရသလောက်တော့ လက်ရှိအချိန်ထိ ရှေးယခင် ကျောက်ခေတ်ကအတိုင်း အသားအစိမ်းစားတဲ့ လူမျိုးစုလို့ သတင်းတွေက ဆိုကြပါတယ်။ ဆိုရရင် ဒီကျွန်းကို မျက်စိလည် လမ်းမှားပြီး ရောက်လာခဲ့သူမှန်သမျှ သူတို့အတွက်တော့ ညစာ ဖြစ်သွားနိုင်ပါတယ်။ ဒီကျွန်းကနေ အသက်ရှင်လျှက် ပြန်ထွက်နိုင်သူမရှိဘူးလို့ အိန္ဒိယရေတပ်ဗိုလ်မှူးတစ်ယောက်က ပြောခဲ့ဖူးပါတယ်။ မကြာသေးခင်ကလည်း ငါးဖမ်းသမားနှစ်ဦး ကျွန်းအနီးကို ချဉ်းကပ်လာလို့ သတ်ဖြတ်ခဲ့ပါတယ်။

(၅) Area 51 (အမေရိကန်)

အမေရိကန်ရဲ့ အထူးကန့်သတ်နယ်မြေဖြစ်တဲ့ Area 51 အကြောင်းကိုတော့ လူတိုင်း ကြားဖူးကြပါလိမ့်မယ်။ Nevada Test and Training Range နယ်မြေအတွင်းမှာ လုံခြုံရေးအထူးတင်းကျပ်ထားတဲ့ နယ်မြေဖြစ်ပြီး၊ ယမန်နှစ်က တက်ကြွလှုပ်ရှားသူတွေက ဒီနယ်မြေကို ကျူးကျော်ဝင်ရောက်မယ်ဆိုပြီး ခြိမ်းခြောက်မှုတွေ ရှိခဲ့ပါသေးတယ်။ ဒါပေမယ့် အမေရိကန် လေတပ်က ဘယ်သူဝင်ဝင် ပစ်မိန့်ပေးပြီးသားမို့ ကိုယ့်အသက် မနှမြော ဝင်ခဲ့လို့ ရဲရဲကြီး စိန်ခေါ်ခဲ့ပါတယ်။

ကောလာဟလတွေအရ ဒီနယ်မြေမှာ ဂြိုဟ်သားတွေရဲ့အလောင်းတွေကို အထူးထိန်းသိမ်းထားပြီး ဘယ်သူ့ကိုမှ ကြည့်ခွင့် မပေးပါဘူးတဲ့။ တစ်ချို့ကလည်း ဒီနေရာမှာ ဂြို်ဟ်သားတွေတင်သာမကဘဲ အမေရိကန်ရဲ့ အထူးလျှို့ဝှက်ချက်တွေ တစ်စုတစ်စည်းတည်း တည်ရှိရာနေရာလည်း ဖြစ်နိုင်တယ်လို့ ထင်ကြေးပေးနေကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အမေရိကန်ကတော့ ဒီနေရာရှိတယ်ဆိုတာကို (၂၀၁၃)ခုနှစ်အထိ ဝန်ခံခဲ့ခြင်း မရှိပါဘူး။ နောက် ဒီနေရာကို ဂြိုဟ်တုတွေက ဖမ်းယူကြည့်ရှုရင်လည်း မမြင်ရအောင် ကာကွယ်ထားတယ်လို့ သိရပါတယ်။

နေသူရိန် (D Nae Khit)