မြန်မာ နှင့် အင်ဒိုနီးရှားပွဲ တိုက်ရိုက်ကြည့်ရန်

318

ဆီးဂိမ်းစ် ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပြိုင်ဘက် အင်ဒိုနီရှားအတွက် ခက်ခဲတဲ့ နေ့ဖြစ်အောင် ပြင်ဆင်သွားမှာဖြစ်ပြီး အနိုင်ရဖို့ အစွမ်းကုန်ကြိုးစားသွားမယ်လို့ မြန်မာ့ လက်ရွေးစင် ယူ-၂၂ အသင်းနည်းပြ ဗယ်လစ်ဇာ ပိုပေါ့ဗ်က ပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ အကြိမ် ၃၀ မြောက် ဆီးဂိမ်းစ် အမျိုးသား ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်အတွက် သတင်းစာရှင်းလင်းပွဲကို ဒီဇင်ဘာ ၆ ရက် မွန်းလွဲပိုင်းက ရီဇာလ် အမှတ်တရကွင်းမှာ ကျင်းပရာမှာ ပြောသွားတာပါ။

နည်းပြ ပိုပေါ့ဗ်က “ပြိုင်ပွဲမစခင်က ဖိလစ်ပိုင်နဲ့ မလေးရှားတို့က အုပ်စုကနေတက်ဖို့ ရေပန်းစားခဲ့ပေမယ့် ကျနော်တို့နဲ့ ကမ္ဘောဒီးယားက ခြေစွမ်းပြပြီး ထိုက်ထိုက်တန်တန် တက်ရောက်နိုင်ခဲ့ပါတယ်။ ကျနော်တို့ရဲ့ပထမဆုံး ပစ်မှတ်ဖြစ်တဲ့ ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိခဲ့ပါပြီ။ ကျနော်တို့တွေ ပိုကောင်းအောင် ထပ်ကစားနိုင်လိမ့်ဦးမယ်လို့ မျှော်လင့်ပါတယ်။” လို့ပြောပါတယ်။

ပြိုင်ဘက် အင်ဒိုနီးရှားအသင်းနဲ့ ပတ်သက်ပြီးလည်း မြန်မာနည်းပြက “ “အင်ဒိုနီးရှားအသင်းက သိပ်ကိုတောင့်တင်းတဲ့ အသင်းတသင်းပါ။ နည်းစနစ်ကောင်းတယ်။ လျှင်မြန်တဲ့အပြင် သိပ်ကို အန္တရာယ်များတဲ့ အသင်းတသင်းပါ။ ကျနော်တို့အနေနဲ့ ပွဲကို သေချာချဉ်းကပ်ပြီး ကစားဖို့လိုပါတယ်။

အင်ဒိုနီရှားတို့အတွက် ခက်ခဲတဲ့ နေ့တစ်နေ့ဖြစ်အောင် ပြင်ဆင်သွားမှာပါ။ ကျနော်တို့အနေနဲ့ အစွမ်းကုန်ကြိုးစားမှာပါ။ ပိုကောင်းတဲ့အသင်းက ဗိုလ်လုပွဲကို တက်ပါလိမ့်မယ်” လို့ပြောသွားပါတယ်။

ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဒီဇင်ဘာ ၇ ရက်၊ မြန်မာစံတော်ချိန် မွန်းလွဲ ၂နာရီခွဲမှာ မြန်မာယူ-၂၂ အသင်းနဲ့ အင်ဒိုနီးရှားယူ-၂၂ အသင်းတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး ဒီပွဲအပြီးမှာ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားတို့ ဆီမီးဖိုင်နယ်ကစားရမှာဖြစ်ပါတယ်။

အခုနှစ် ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲမှာ မြန်မာ ယူ-၂၂ အသင်းဟာ အိမ်ရှင် ဖိလစ်ပိုင်၊ မလေးရှား၊ ကမ္ဘောဒီးယားနဲ့အရှေ့တီမောအသင်းတွေနဲ့ တအုပ်စုထဲကျခဲ့တာ ဖြစ်ပြီး ရှုံးပွဲမရှိ အုပ်စု ဗိုလ်အဖြစ် ဆီမီးဖိုင်နယ် တက်ရောက်ခဲ့တာပါ။

အင်ဒိုနီးရှားအသင်းကတော့ လက်ရှိချန်ပီယံထိုင်းအသင်းနဲ့ ဗီယက်နမ်အသင်းတို့ ပါဝင်တဲ့ အသင်းမှာ တအုပ်စုထကျပြီး အုပ်စု ဒုတိယနဲ့ ဆီမီးဖိုင်နယ်ကို တက်လာခဲ့တာပါ။

မြန်မာ အမျိုးသားဘောလုံးအသင်းဟာ ဆီးဂိမ်းစ်ပြိုင်ပွဲ နောက်ဆုံးကျင်းပခဲ့တဲ့ ၅ ကြိမ်မှာ ၄ ကြိမ်အထိ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။မြန်မာအမျိုးသမီးအသင်းကတော့ ထိုင်းနဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်သွားပါတယ်။

#IndonesiaU22vsMyanmarU22SemiFinal1