မုန်တိုင်းအခြေအနေကြောင့် မြန်မာအမျိုးသမီးအသင်း ဟိုတယ်တွင် လေ့ကျင့်ခဲ့ရ (ရုပ်သံ)

100

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းဟာ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဆီမီးဖိုင်နယ်အဖြစ် ထိုင်းအသင်းနဲ့ ပွဲစဉ်မတိုင်မီ ဖိလစ်ပိုင်နိုင်ငံ Artifical Stadium မှာ မနေ့ညနေပိုင်းက လေ့ကျင့်ဖို့ စီစဉ်ထားပေမယ့် မုန်တိုင်းအခြေအနေကြောင့် ဟိုတယ်မှာပဲ လေ့ကျင့်ခဲ့ရတယ်လို့ မြန်မာဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။

အကြိမ် ၃၀ မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးဟာ မနေ့ ညနေပိုင်းက PFF Artifical Stadium မှာ လေ့ကျင့်ဖို့ စီစဉ်ထားပေမယ့် ဖိလစ်ပိုင်နိုင်ငံကို ဖြတ်သန်းနေတဲ့ မုန်တိုင်း Typoon KAMURI ဒေသအခေါ်အဝေါ် Typoon TISOY ကြောင့် အဆိုပါ PFF မြက်ခင်းတုကွင်းသို့ သွားရောက်နိုင်ခြင်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဒါ့ကြောင့် မြန်မာအမျိုးသမီးအသင်းဟာ အသင်းတည်းခိုရာ White Woods ဟိုတယ်တွင်သာ လေ့ကျင့်ရေးအစီအစဉ်တွေ ပြလုပ်ခဲ့ရတာပါ။

အုပ်စု (က) တွင် မြန်မာ၊ ဖိလစ်ပိုင်အသင်းတို့ဟာ ၁ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ရဂိုး ၅ ဂိုး တူညီခဲ့တာကြောင့် FairPlay စည်းမျဉ်းအရ မြန်မာအသင်းက အသာရကာ အုပ်စုပထမနေရာမှ တက်ရောက်နိုင်ခဲ့ပြီး အုပ်စု(ခ) ဒုတိယနေရာက ထိုင်းအသင်းနဲ့ ဆီမီးဖိုင်နယ်အဆင့် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းဟာ ထိုင်းအသင်းနဲ့ ဆီမီးဖိုင်နယ်အဖြစ် ဒီဇင်ဘာ ၅ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီ ၃၀ မိနစ်၊ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ Rizal Memorial ကွင်းမှာ ယှဉ်ပြိုင်ကစားမှာလည်း ဖြစ်ပါတယ်။

This news is published with the permission of DVB TV News .





