မွန်ဂိုလီးယားနှင့်ကန်မည့်ပွဲတွင် ရှုံးကြွေးပြန်ဆပ်မည်ဟု မြန်မာနည်းပြပြော

65

၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် မွန်ဂိုလီးယားအသင်းနဲ့ ဒီကနေ့ညနေကန်မယ့် ပွဲစဉ်မှာ ရှုံးကြွေးကို ပြန်ဆပ်ပြီး အနိုင် ၃ မှတ်ရဖို့ ရလဒ်ကောင်းရအောင် ကြိုးစားသွားမယ်လို့ မြန်မာအသင်းနည်းပြချုပ်က ပြောပါတယ်။

နိုဝင်ဘာ ၁၈ ရက်က မန္တလေးမြို့က Pullman ဟိုတယ်မှာ ပြုလုပ်တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။မြန်မာလက်ရွေးစင်အသင်းအနေနဲ့ မန္တလေးမြို့ မန္တလာသီရိဘောလုံးကွင်းမှာ ဒီကနေ့ နိုဝင်ဘာ ၁၉ ရက် ညနေ ၅ နာရီအချိန်မှာ မွန်ဂိုလီးယားအသင်းနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲကို ကန်ရမှာဖြစ်ပါတယ်။

ဒီပွဲဟာ အနိုင်သုံးမှတ်ရဖို့ အရေးကြီးတဲ့ ပွဲဖြစ်တယ်လို့ မြန်မာအသင်းနည်းပြချုပ် အန်တွမ်နီဟေးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“တာဂျစ်ကစ္စတန်နဲ့ပွဲမှာ အနိုင်ရခဲ့တာကြောင့် မွန်ဂိုလီးယားနဲ့ ပွဲဟာလည်း အရေးပါပြီး အနိုင် ၃ မှတ်ရဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။ ဒီပွဲကို အနိုင်ရခဲ့ရင် ခြေစစ်ပွဲမှာ ပြန်လည်စိန်ခေါ်နိုင်တဲ့ အသင်းတသင်း ဖြစ်လာမှာပါ။ ကစားသမားတွေအနေနဲ့ အခုချိန်မှာ ယုံကြည်မှု ရှိနေပြီး ပွဲအတွက် အဆင်သင့် ဖြစ်နေပါတယ်။

ပရိသတ်အားပေးမှုက အလွန်အရေးပါပြီး တာဂျစ်ကစ္စတန်နဲ့ ပွဲကထက် ပိုများတဲ့ ပရိသတ်အရေအတွက် လာရောက်မယ်လို့ မျှော်လင့်ထားပါတယ်။ ပရိသတ်နဲ့ အတူ အောင်ပွဲခံပြီး ပထမအကျော့ ရှုံးကြွေးကို ပြန်ဆပ်သွားမှာပါ။”

မြန်မာအသင်းအနေနဲ့ ပထမကျော့ပွဲစဉ်မှာ မွန်ဂိုလီးယားအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ထားပါတယ်။ မြန်မာအသင်းသားတွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်နေ့က တာဂျစ်ကစ္စတန်နဲ့ ပွဲစဉ်မှာ ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရခဲ့တဲ့အတွက် ဒီနေ့ပွဲမှာလည်း အနိုင်ရဖို့ ယုံကြည်မှုရှိနေတယ်လို့ အသင်းခေါင်းဆောင် ကိုဇော်မင်းထွန်းက ပြောပါတယ်။

“ကျနော်တို့ တာဂျစ်ကစ္စတန်နဲ့ပွဲမှာ အနိုင် ရထားပေမယ့် ယုံကြည်မှု လွန်ကဲတာမျိုး ဖြစ်မနေပါဘူး။ မွန်ဂိုလီးယားနဲ့ပွဲမှာ အနိုင်ရအောင် ကြိုးစားသွားမှာ ဖြစ်ပါတယ်။ ခံစစ်ပိုင်း အားနည်းချက်တွေကိုလည်း အကောင်းဆုံး ပြင်ဆင်ထားပါတယ်။”

မွန်ဂိုးလီးယားအသင်းကလည်း ဒီပွဲအတွက် အသေအချာပြင်ဆင်ထားပြီး ရလဒ်ကောင်းကို မျှော်လင့်ထားတယ်လို့ မွန်ဂိုးလီးယားအသင်း နည်းပြချုပ် မိုက်ကယ်ဝစ်က ပြောပါတယ်။

“မြန်မာနဲ့ ပွဲမတိုင်မီမှာ ကမ္ဘောဒီးယားအသင်းနဲ့ ခြေစမ်းပွဲကစားထားပါတယ်။ ရာသီဥတု အပြောင်းအလဲရှိပေမယ့် ပြဿနာ မဟုတ်ပါဘူး။ ရန်ကုန်မှာ နှစ်ကြိမ်လာကစားခဲ့ဖူးပါတယ်။ မြန်မာအသင်းကလည်း ပထမအကျော့ ပွဲကထက် ပိုကောင်းလာတာကြောင့် ခက်ခဲမယ့် ပွဲတပွဲ ဖြစ်ပါတယ်။”

မွန်ဂိုးလီးယား လက်ရွေးစင် အသင်းခေါင်းဆောင် နော်ဂျမိုကတော့ “မြန်မာအသင်းဟာ တာဂျစ်ကစ္စတန်နဲ့ ပွဲမှာ အလွန်ကောင်းတဲ့ ခြေစွမ်းထုတ်ပြနိုင်ခဲ့တာကြောင့် အခုတွေ့ရမယ့် ပွဲဟာ စိတ်ဝင်စားစရာ ပွဲကောင်းပွဲ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားနဲ့ ၂၀၂၃ အာရှဖလားဒုတိယအဆင့် ခြေစစ်ပွဲ အုပ်စု(စ) မှာ ဂျပန်၊ တာဂျစ်ကစ္စတန်၊ ကာဂျစ္စတန်၊ မြန်မာနဲ့ မွန်ဂိုလီးယားအသင်းတို့ ပါဝင် ခဲ့ပြီး အုပ်စုပွဲစဉ် (၄) ပွဲ အပြီးမှာတော့ ဂျပန်အသင်းက သုံးပွဲနိုင် ရမှတ် ကိုးမှတ်နဲ့ ဦးဆောင်နေကာ မြန်မာအသင်းကတော့ တပွဲနိုင် ရမှတ် ၃ မှတ်နဲ့ အုပ်စု နောက်ဆုံးအဆင့်မှာ ရှိနေပါတယ်။

သတင်း – နိုင်လင်းဦး၊ ဓာတ်ပုံ-MFF

 This news is published with the permission of DVB .

၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲအျဖစ္ မြန္ဂိုလီးယားအသင္းနဲ႔ ဒီကေန႔ညေနကန္မယ့္ ပြဲစဥ္မွာ ရႈံးေႂကြးကို ျပန္ဆပ္ၿပီး အႏိုင္ ၃ မွတ္ရဖို႔ ရလဒ္ေကာင္းရေအာင္ ႀကိဳးစားသြားမယ္လို႔ ျမန္မာအသင္းနည္းျပခ်ဳပ္က ေျပာပါတယ္။

ႏိုဝင္ဘာ ၁၈ ရက္က မႏၲေလးၿမိဳ႕က Pullman ဟိုတယ္မွာ ျပဳလုပ္တဲ့ ပြဲႀကိဳသတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့တာပါ။ျမန္မာလက္ေ႐ြးစင္အသင္းအေနနဲ႔ မႏၲေလးၿမိဳ႕ မႏၲလာသီရိေဘာလုံးကြင္းမွာ ဒီကေန႔ ႏိုဝင္ဘာ ၁၉ ရက္ ညေန ၅ နာရီအခ်ိန္မွာ မြန္ဂိုလီးယားအသင္းနဲ႔ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲကို ကန္ရမွာျဖစ္ပါတယ္။

ဒီပြဲဟာ အႏိုင္သုံးမွတ္ရဖို႔ အေရးႀကီးတဲ့ ပြဲျဖစ္တယ္လို႔ ျမန္မာအသင္းနည္းျပခ်ဳပ္ အန္တြမ္နီေဟးက သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

“တာဂ်စ္ကစၥတန္နဲ႔ပြဲမွာ အႏိုင္ရခဲ့တာေၾကာင့္ မြန္ဂိုလီးယားနဲ႔ ပြဲဟာလည္း အေရးပါၿပီး အႏိုင္ ၃ မွတ္ရဖို႔ ႀကိဳးစားသြားမွာ ျဖစ္ပါတယ္။ ဒီပြဲကို အႏိုင္ရခဲ့ရင္ ေျခစစ္ပြဲမွာ ျပန္လည္စိန္ေခၚႏိုင္တဲ့ အသင္းတသင္း ျဖစ္လာမွာပါ။ ကစားသမားေတြအေနနဲ႔ အခုခ်ိန္မွာ ယုံၾကည္မႈ ရွိေနၿပီး ပြဲအတြက္ အဆင္သင့္ ျဖစ္ေနပါတယ္။

ပရိသတ္အားေပးမႈက အလြန္အေရးပါၿပီး တာဂ်စ္ကစၥတန္နဲ႔ ပြဲကထက္ ပိုမ်ားတဲ့ ပရိသတ္အေရအတြက္ လာေရာက္မယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။ ပရိသတ္နဲ႔ အတူ ေအာင္ပြဲခံၿပီး ပထမအေက်ာ့ ရႈံးေႂကြးကို ျပန္ဆပ္သြားမွာပါ။”

ျမန္မာအသင္းအေနနဲ႔ ပထမေက်ာ့ပြဲစဥ္မွာ မြန္ဂိုလီးယားအသင္းကို ၁ ဂိုး ဂိုးမရွိနဲ႔ ရႈံးနိမ့္ထားပါတယ္။ ျမန္မာအသင္းသားေတြဟာ ၿပီးခဲ့တဲ့ ႏိုဝင္ဘာ ၁၄ ရက္ေန႔က တာဂ်စ္ကစၥတန္နဲ႔ ပြဲစဥ္မွာ ၄ ဂိုး ၃ ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့အတြက္ ဒီေန႔ပြဲမွာလည္း အႏိုင္ရဖို႔ ယုံၾကည္မႈရွိေနတယ္လို႔ အသင္းေခါင္းေဆာင္ ကိုေဇာ္မင္းထြန္းက ေျပာပါတယ္။

“က်ေနာ္တို႔ တာဂ်စ္ကစၥတန္နဲ႔ပြဲမွာ အႏိုင္ ရထားေပမယ့္ ယုံၾကည္မႈ လြန္ကဲတာမ်ိဳး ျဖစ္မေနပါဘူး။ မြန္ဂိုလီးယားနဲ႔ပြဲမွာ အႏိုင္ရေအာင္ ႀကိဳးစားသြားမွာ ျဖစ္ပါတယ္။ ခံစစ္ပိုင္း အားနည္းခ်က္ေတြကိုလည္း အေကာင္းဆုံး ျပင္ဆင္ထားပါတယ္။”

မြန္ဂိုးလီးယားအသင္းကလည္း ဒီပြဲအတြက္ အေသအခ်ာျပင္ဆင္ထားၿပီး ရလဒ္ေကာင္းကို ေမွ်ာ္လင့္ထားတယ္လို႔ မြန္ဂိုးလီးယားအသင္း နည္းျပခ်ဳပ္ မိုက္ကယ္ဝစ္က ေျပာပါတယ္။

“ျမန္မာနဲ႔ ပြဲမတိုင္မီမွာ ကေမာၻဒီးယားအသင္းနဲ႔ ေျခစမ္းပြဲကစားထားပါတယ္။ ရာသီဥတု အေျပာင္းအလဲရွိေပမယ့္ ျပႆနာ မဟုတ္ပါဘူး။ ရန္ကုန္မွာ ႏွစ္ႀကိမ္လာကစားခဲ့ဖူးပါတယ္။ ျမန္မာအသင္းကလည္း ပထမအေက်ာ့ ပြဲကထက္ ပိုေကာင္းလာတာေၾကာင့္ ခက္ခဲမယ့္ ပြဲတပြဲ ျဖစ္ပါတယ္။”

မြန္ဂိုးလီးယား လက္ေ႐ြးစင္ အသင္းေခါင္းေဆာင္ ေနာ္ဂ်မိုကေတာ့ “ျမန္မာအသင္းဟာ တာဂ်စ္ကစၥတန္နဲ႔ ပြဲမွာ အလြန္ေကာင္းတဲ့ ေျခစြမ္းထုတ္ျပႏိုင္ခဲ့တာေၾကာင့္ အခုေတြ႕ရမယ့္ ပြဲဟာ စိတ္ဝင္စားစရာ ပြဲေကာင္းပြဲ ျဖစ္ပါတယ္”လို႔ ေျပာပါတယ္။

၂၀၂၂ ကမာၻ႔ဖလားနဲ႔ ၂၀၂၃ အာရွဖလားဒုတိယအဆင့္ ေျခစစ္ပြဲ အုပ္စု(စ) မွာ ဂ်ပန္၊ တာဂ်စ္ကစၥတန္၊ ကာဂ်စၥတန္၊ ျမန္မာနဲ႔ မြန္ဂိုလီးယားအသင္းတို႔ ပါဝင္ ခဲ့ၿပီး အုပ္စုပြဲစဥ္ (၄) ပြဲ အၿပီးမွာေတာ့ ဂ်ပန္အသင္းက သုံးပြဲႏိုင္ ရမွတ္ ကိုးမွတ္နဲ႔ ဦးေဆာင္ေနကာ ျမန္မာအသင္းကေတာ့ တပြဲႏိုင္ ရမွတ္ ၃ မွတ္နဲ႔ အုပ္စု ေနာက္ဆုံးအဆင့္မွာ ရွိေနပါတယ္။

သတင္း – ႏိုင္လင္းဦး၊ ဓာတ္ပုံ-MFF

 This news is published with the permission of DVB .